၂၇ ဩဂုတ်

 

 

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများကြောင့် မတ်လလယ်မှစတင်ကာ စာသင်ကျောင်းများ ယာယီပိတ်ထားခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်နေ့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

 

ပညာရေးဝန်ကြီး ဟောင်ချွန်နာရွန်က ကျောင်းသားများ ဘေးကင်းလုံခြုံမှုရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော နည်းလမ်းများကို စာသင်ကျောင်းများက လိုက်နာကြရမည်ဟု သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

 

 

စာသင်ကျောင်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ရန် ကျောင်းသားများ စုဝေးခြင်းမပြုပဲ အထူးသဖြင့် ခပ်ခွာခွာ နေထိုင်ခိုင်းကာ ဘေးကင်းလုံခြုံမှုရှိရေးနှင့် သန့်ရှင်းရေး အစီအမံများ လိုက်နာကြရမည်ဟု ၎င်းက ဆိုသည်။

 

 

စာသင်ခန်းတစ်ခန်းတွင် ကျောင်းသားဦးရေ ၂၀ ထက် မပိုစေရဟု သတင်းထုတ်ပြန်ထားသည်။

 

 

၂၀၂၀-၂၀၂၁ စာသင်နှစ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှ စတင်မည် ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြထားသည်။

 

 

ကမ္ဘောဒီးယားနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၇၃ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြုထုတ်ပြန်ထားသည်။

 

 

ကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူ ၂၆၄ ဦး ရှိပြီး သေဆုံးသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်း ထပ်လောင်းဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို