ဖေဖော်ဝါရီ ၂၆
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၇ ဒသမ ၅ သန်းအထိရှိမည်ဟု မျှော်မှန်းထားကြောင်း ခရီးသွားလာရေးဝန်ကြီးက ယနေ့တွင်ပြောကြားသည်။
၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွား ၆ ဒသမ ၇ သန်း လာရောက်လည်ပတ်မှုရှိရာ လွန်ခဲ့သောနှစ်ကနိုင်ငံခြားခရီးသွားလာရောက်လည်ပတ်မှုထက် ၂၃ ရာခိုင်နှုန်းပိုမိုများပြားသည်ဟု ၎င်းကဆိုသည်။
လွန်ခဲ့သောနှစ်က ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၃ ဘီလီယံ ဝင်ငွေရရှိခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၁၈ ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်ဟု ၎င်းကထပ်လောင်းပြောသည်။
ခရီးသွားလုပ်ငန်းသည် အထည်ချုပ်တင်ပို့မှု၊ စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးတို့အပြင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးခုအနက်မှ တစ်ခုဖြစ်ပြီး ခရီးသွားကဏ္ဍသည် တိုက်ရိုက်အလုပ်အကိုင်ပေါင်း ၅၁၀၀၀၀ ကို ဖန်တီးပေးခဲ့သည်ဟု သိရသည်။
လွန်ခဲ့သောနှစ်က ခရီးသွားလာရောက်မှုအများဆုံးထိပ်တန်းငါးနိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ယူနက်စကိုစာရင်းသွင်းကမ္ဘာ့အမွေအနှစ်နေရာလေးခုရှိပြီး ၎င်းတို့မှာ ဆီရမ်ရိပြည်နယ် အနောက်မြောက်ဘက်ရှိ အန်ကောရှေးဟောင်းသုတေသနဥယျာဉ်၊ ကမ်ပါတမ် ပြည်နယ်အလယ်ပိုင်းရှိ ဆမ်ဘာပရီကက်ဘုရားကျောင်းဇုန်၊ Preah Vihear ဘုရားကျောင်းနှင့် အနောက်မြောက်ဘက် Preah Vihear ပြည်နယ် ကို့ရှ်ကာဘုရားကျောင်းများရှိရာ ရှေးဟောင်းသုတေသနနေရာတို့ ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို