ဒီဇင်ဘာ ၄

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမဆယ်လအတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၄ သန်းရှိရာ လွန်ခဲ့သောနှစ် အလားတူကာလက ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၅၇ သန်းနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၁၈၀ နီးပါးမြင့်တက်ခဲ့ကြောင်း ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးက ယမန်နေ့က ပြောကြားသည်။

အဆိုပါခရီးသွားဝင်ရောက်မှုကိန်းဂဏန်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၅ ဒသမ ၄ သန်းနီးပါးဝင်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းကပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးကို ပံ့ပိုးပေးသည့် မဏ္ဍိုင်လေးရပ်အနက် တစ်ခုဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ဆီရမ်ယိပြည်နယ်အနောက်မြောက်ပိုင်းရှိ ယူနက်စကိုစာရင်းဝင်အန်ကော ရှေးဟောင်းယဉ်ကျေးမှု ဉယျာဉ်နှင့်ပတ်သက်ပြီး ထင်ရှားကျော်ကြားသည်။ ထိုဉယျာဉ်သည် ခရီးသွားအပန်းဖြေနေရာအဖြစ် ဘေးကင်းလုံခြုံမှုရှိသည့်နေရာဖြစ်သဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်လည်ပတ်ကြရန် နိုင်ငံတကာခရီးသွားများအား ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထပ်မံဖိတ်ခေါ်ထားသည်။

နိုဝင်ဘာလ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့သော ဆီရမ်ယိအန်ကောနိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာခရီးသွားများ ကမ္ဘောဒီးယားနိုင်ငံသို့ ထပ်မံဝင်ရောက်ရန်ဆွဲဆောင်နိုင်မည်ဟု ၎င်းအနေဖြင့်ယုံကြည်သည်ဟုဆိုသည်။

အသစ်ဖွင့်လှစ်လိုက်သောထိုနိုင်ငံတကာလေဆိပ်သည် နိုင်ငံ၏ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့ကို မြှင့်တင်ရာတွင် အရေးပါသည်ဟု ၎င်းကဆိုသည်။ ယင်းလေဆိပ်သည် နိုင်ငံတကာလေကြောင်းလိုင်းအသစ်များကိုဆွဲဆောင်နိုင်ပြီး ကမ္ဘောဒီးယားနိုင်ငံသို့ အထူးသဖြင့် ဆီရမ်ယိပြည်နယ်သို့ ခရီးသွားများနှင့် ရင်းနှီးမြုပ်နှံသူများထပ်မံဝင်ရောက်လာမည်ဟု မျှော်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို