နိုဝင်ဘာ ၁၆
ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၃ ခုနှစ် ပထမဆယ်လအတွင်း လေကြောင်းဖြင့်လာရောက်သောခရီးသည် ၄ ဒသမ ၁၁ သန်းရှိရာ တစ်နှစ်ထက်တစ်နှစ် လေကြောင်းခရီးဖြင့်လာရောက်မှု ၁၄၄ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကမ္ဘောဒီးယားမြို့ပြလေကြောင်းဆိုင်ရာဝန်ကြီးက ယနေ့တွင် ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံတကာလေဆိပ်သုံးခုသို့ ပြည်တွင်းနှင့်ပြည်ပလေကြောင်းလိုင်း ၃၂ ခုဖြင့် လေကြောင်းခရီးစဉ်ပေါင်း ၄၁၅၉၆ ရှိရာ တစ်နှစ်ထက်တစ်နှစ် ၉၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ၎င်းကဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် လတ်တလောတွင် တရုတ်၊ တောင်ကိုရီးယား၊ ကာတာ၊ အခြားသောနိုင်ငံများ၊ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံတို့နှင့် လတ်တလောတွင် တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲလျက် ရှိကြောင်း ၎င်းကပြောကြားသည်။
တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏အကြီးဆုံးလေဆိပ်ဖြစ်သော ဆီရမ်ယိအန်ကော နိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာလေကြောင်းလိုင်းအသစ်များနှင့် ခရီးသည်များကို ဆွဲဆောင်နိုင်ရန် အထောက်အကူဖြစ်မည်ဟုမျှော်လင့်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ဆီရမ်ယိပြည်နယ် အန်ကောရှေးဟောင်း သုတေသနပန်းခြံသို့ လာရောက်မည့်ခရီးသွားများဖြစ်သည်ဟု ၎င်းကပြောကြားသည်။
မကြားသေးမီကဖွင့်လှစ်ထားသော လေဆိပ်အသစ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းသို့ ဆက်သွယ်ပေးထားသော တံတားတစ်စင်းဖြစ်လာမည်ဟု ယုံကြည်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို