ဟားခါး ၂၄ မေ
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် ပြည်သူများ ရေပြတ်လပ်မှုမရှိစေရေးအတွက် ကမ္ဘောဇဘဏ်က စက်ရေတွင်းများ တူးဖော်လှူဒါန်းလျက်ရှိရာ (၂၇၄) တွင်းမြောက် ရေအောင်စက်ရေတွင်းအဖြစ် ချင်းပြည်နယ်၊ ခြောက်လမ်းဆုံ၊ ဟားခါးရပ်ကွက် (၁) တွင် မေ ၂၂ ရက်က အောင်မြင်စွာ တူးဖော်နိုင်ပေးခဲ့သည်။
အဆိုပါစက်ရေတွင်းကို ကမ္ဘောဇဘဏ်က အင်္ဂလန်နိုင်ငံထုတ် အမှတ် (၁) Dando Heavy-duty ရေတွင်းတူးစက်ကြီးဖြင့် တူးဖော်ခဲ့ပြီး အနက်ပေ ၃၄၅ တွင် တစ်နာရီ ရေဂါလန် ၃၅၀၀ ဖြင့် ရေအောင်ခဲ့သည်။ အဆိုပါစက်ရေတွင်း အောင်မြင်မှုကြောင့် ဟားခါးရပ်ကွက်ကြီး (၂) ရှိ ပြည်နယ်မီးသတ်စခန်း၊ စာသင်ကျောင်းနှင့် ရပ်ကွက်နေပြည်သူများ ရေအခက်အခဲမရှိဘဲ လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်သည်။
ယခုစက်ရေတွင်းသည် ယခုနှစ်အတွင်း ကမ္ဘောဇဘဏ်ကတူးဖော်လှူဒါန်းခဲ့သည့် ချင်းပြည်နယ်၏ စတုတ္တမြောက် ရေအောင်တွင်းဖြစ်ပြီး ယခင်က ခြောက်လမ်းဆုံ၊ ဟားခါးရပ်ကွက်ကြီး (၂) တွင် တစ်နာရီ ရေဂါလန် ၁၀၀၀ စက်ရေတွင်း၊ ဟားခါးကောလိပ်တွင် တစ်နာရီ ရေဂါလန် ၃၀၀၀ စက်ရေတွင်း၊ ပညာရေးကောလိပ် (ဟားခါး) တွင် တစ်နာရီ ရေဂါလန် ၃၀၀၀ စက်ရေတွင်းများကို အောင်မြင်စွာ တူးဖော်လှူဒါန်းနိုင်ခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ မန်းကျည်းစောက်ကျေးရွာတွင် တစ်နာရီ ရေဂါလန် ၃၀၀၀ စက်ရေတွင်းအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ အခြေခံကျန်းမာရေးတက္ကသိုလ်တွင် လည်းကောင်း၊ အသီးသီး အောင်မြင်စွာ တူးဖော်လှူဒါန်းခဲ့သည်။
ကမ္ဘောဇဘဏ်သည် နိုင်ငံအနှံ့အပြားရှိ စက်ရေတွင်းတူးဖော်ရန် အလွန်ခက်ခဲပြီး ရေရှားပါးသည့်နေရာများတွင် ပြည်သူများ ရေရှားပါးပြတ်လပ်မှု မကြုံတွေ့စေရန်အတွက် စက်ရေတွင်းများ တူးဖော်ခြင်း၊ ရေတွင်း ရေကန်များတူးဖော်ခြင်း၊ ရေလှောင်ကန်များ တည်ဆောက်ပေးခြင်းနှင့် ရေပေးရေးစီမံကိန်းများ အပါအဝင် ကျပ်ငွေသိန်းပေါင်း ၇၉၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ ရေပြတ်လပ်မှုမရှိစေရန် စက်ရေတွင်းများ တူးဖော်လှူဒါန်းခြင်းအပြင် ရေသယ်ယာဉ်အသစ်များ လှူဒါန်းလျက်ရှိရာ နိုင်ငံတဝှမ်း ကျပ်သိန်းပေါင်း ၂၄၃၀၀ တန်ဖိုးရှိ ရေသယ်ယာဉ်အသစ်ပေါင်း (၅၄) စီးကို ပေးအပ်လှူဒါန်းခဲ့သည်။ ကမ္ဘောဇဘဏ်သည် ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေး နိုင်ငံတော်နှင့် ပြည်သူအတွက် ကျပ်ငွေ ၁၆၂ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်သည်။
ကိုကျော်


