မန္တလေး ၂၈ စက်တင်ဘာ
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် ရခိုင်ပြည်နယ်နှင့် နိုင်ငံအဝန်းရှိ ရောဂါခံစားနေရသော ပိုးတွေ့လူနာများနှင့် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဆက်လက်ပေးပို့ လှူဒါန်းလျက်ရှိရာ စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ ခုတင် (၃၀၀) ပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံကြီးများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
အခမ်းအနားတွင် ကမ္ဘောဇဘဏ် (အထက်မြန်မာပြည်)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် မန်နေဂျာများက ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသည့် ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် ဆေးရုံသုံး Mask (၂)သိန်း၊ ခေါင်းစွပ် (၅၀၀၀)၊ မျက်နှာအကာ Face Shield (၂၀၀၀)၊ လက်အိတ် (၃၀၀၀၀)၊ Hand Gel ဘူးကြီး (၁၅၀၀)၊ မျက်မှန် (၂၀၀)၊ PPE ဝတ်စုံ (၁၀၀၀)နှင့် ဆေးရုံကြီးများအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ်သိန်း ၁၀၀ စီ စုစုပေါင်း ငွေကျပ် သိန်း ၂၀၀ တို့ကို သက်ဆိုင်ရာ ဆေးရုံအစည်းအဝေးခန်းမများတွင် ပေးအပ်လှူဒါန်းရာ မန္တလေးမြို့ ခုတင်(၃၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့် ကန်တော်နဒီ ဆေးရုံအုပ်ကြီး ဒေါက်တာသက်ပိုင်ဦးတို့ အသီးသီးလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင်အချိန် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် ၇၃,၂၆၆ သိန်း လှူဒါန်းထားရှိပြီး ဆက်လက်၍လည်း နိုင်ငံတော်နှင့် ပြည်သူအတွက် လူမျိုးမရွေး၊ ဘာသာ မရွေး၊ နေရာဒေသမရွေး၊ လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊ လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းရန် စီစဉ်ထားကြောင်း သိရှိရသည်။
ကိုကျော်