နေပြည်တော်  ၁၀   ဧပြီ  

 

ကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ရှမ်းပြည်နယ် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ နေ့စဉ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့၊ ကလောမြို့၊ ဟဲဟိုးမြို့နှင့် ဟိုပုံးမြို့ရှိ ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း CE Standard PPE ဝတ်စုံများ၊ N95 Mask များ၊ ဆေးရုံသုံး လက်အိတ်များ၊ သာမိုမီတာများ၊ မျက်မှန်များ၊ Hand Gel ဘူးများနှင့် လက်သန့်ဆေးရည်များ ပေးပို့လှူဒါန်းခဲ့သည်။      

 

ထို့အတူ ရှမ်းပြည်နယ် လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိ လဲချားမြို့၊ ပင်လုံမြို့၊ မိုင်းနောင်မြို့၊ ခိုလန်မြို့၊ မိုးနဲမြို့နှင့် လင်းခေးမြို့များရှိ ကျန်းမာရေး စောင့်ရှောက်ကူညီရေး စခန်းများသို့လည်း ဆက်လက်ပေးပို့လှူဒါန်းခဲ့သည်။ 

 

ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ တာလေမြို့၊ မိုင်းဖြတ်မြို့နှင့် မိုင်းယောင်းမြို့များတွင် ဖွင့်လှစ်ထား သော ပြည်ပမှ ပြန်လည်ဝင်ရောက်လာကြသည့် နိုင်ငံသားများ ကျန်းမာရေးစစ်ဆေး စောင့်ကြည့်ရေးစခန်းများသို့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက်ပေးပို့လှူဒါန်းထားသည်။

 

ကမ္ဘောဇဘဏ်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်ပမှ ပြန်လည်ရောက်ရှိလာကြသော နိုင်ငံသားများ နှင့် ၎င်းတို့ကို စောင့်ကြပ်ကြည့်ရှုပေးနေရသော တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွယ်ကူလျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်စေရေး ရည်ရွယ်လှူဒါန်းခြင်း ဖြစ်သည်။

 

ကမ္ဘောဇဘဏ်သည် ကျပ်သိန်း ၁၄၆၂၄ သိန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို လေကြောင်း၊ ကုန်းကြောင်းတို့မှ အမြန်ဆုံး ဝယ်ယူလှူဒါန်းခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများသို့ ဖြန့်ခွဲပေးအပ်ပြီးဖြစ်သည့်အပြင် ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၁၉၆၂၄ သိန်း လှူဒါန်းထားပြီးဖြစ်သည်။

 

ဆက်လက်၍လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့် အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားသည်။

 

ကိုဇော်