ရန်ကုန် ၁၇ မေ
ကမ္ဘောဇဘဏ်သည် Covid-19 ရောဂါကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် National Health Laboratory တွင် အရေးပေါ်လိုအပ်နေသော ၅၀၀ kVA မီးစက်နှင့် ဆက်စပ်ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့တွင် သွားရောက် လှူဒါန်းသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်း က တန်ဖိုး ကျပ်သိန်း ၁၂၅၀ ရှိသည့် အမေရိကန်နိုင်ငံ Caterpillar ကုမ္ပဏီအမျိုးအစား ၅၀၀ kVA မီးစက်ကြီး၊ Auto Transfer System (ATS) နှင့် Ground earthing equipment တို့ကို National Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်ထံ ပေးအပ်လှုဒါန်းသည်။
လှူဒါန်းမှုနှင့် ပတ်သက်၍ National Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်က “နေ့စဉ်အဖြေထုတ်နေရတဲ့ ဓာတ်ခွဲနမူနာများကို အနာဂတ်ကာလမှာ သုတေသနလုပ်နိုင်ရန် အတွက် ကာလရှည်သိမ်းဆည်းထားနိုင်ဖို့၊ မော်လီကျူးလာနည်းဖြင့် စမ်းသပ်စစ်ဆေးတဲ့အခါမှာ သုံးဖို့လိုအပ်တဲ့ ဓာတ်ခွဲဆေးပစ္စည်းတွေကို သိုလှောင်မှုစတာတွေကို ဆောင်ရွက်နိုင်ဖို့ ကျွန်မတို့မှာ (- ၈၀ ဒီဂရီ - ၃၀ ဒီဂရီ ) ရှိတဲ့ Deep Freezer ကြီးတွေ ထားရပါတယ်။ ဒီစက်တွေက စဉ်ဆက်မပြတ် လုံလောက်တဲ့ ဓာတ်အားပမာဏရနေဖို့ လိုအပ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ လှူဒါန်းမှုဟာ COVID-19 ဆေးစစ်ချက်တွေ နေ့စဉ်ထုတ်ပေးရတဲ့ လုပ်ငန်းများအပြင် အခြားသော ရောဂါရှာဖွေ ဓာတ်ခွဲမှုများအတွက်လည်း များစွာအကျိုးရှိမှာဖြစ်ပါတယ် “ ဟု ပြောကြားသည်။
ထို့အပြင် ကမ္ဘောဇဘဏ်သည် COVID-19 ကူးစက်ရောဂါ ကာကွယ်ကုသနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင် မဖြစ်ပွားမီကပင် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ဝယ်ယူနိုင်ရန် ကျပ်သိန်း (၁၀၀၀) ကနဦး မတည်လှူဒါန်းခဲ့ခြင်း၊ ငွေကျပ်သိန်း (၁၄၀၀၀) ကျော် တန်ဖိုးရှိ ကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်းများကို ကုန်းလမ်းသာမက MAI စင်းလုံးငှား လေယာဉ်များဖြင့် သယ်ယူလှူဒါန်းခြင်းနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများအတွက် ငွေကျပ်သိန်း (၃၀၀၀) တန်ဖိုးရှိ ရောဂါကာကွယ်ရေးပစ္စည်း(၆)မျိုးကို နေရာအရောက် နေ့စဉ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရောဂါထိန်းချုပ် ကုသနိုင်ရေးသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ အခြေခံပြည်သူများအတွက် ငွေကျပ်သိန်း ၆၀၀၀ ကျော် တန်ဖိုးရှိ ဆန်အိတ်များ ဖြန့်ဝေလှူဒါန်းခြင်း၊ ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ လှူဒါန်းငွေကျပ် သိန်း(၂၀၀၀) မတည်ကာ ရိက္ခာထုပ်ပေါင်း (၁၀၀,၀၀၀)ကို နိုင်ငံတွင်း အရေးပေါ် လိုအပ်သော နေရာများကို ဖြန့်ဝေလှူဒါန်းခြင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် Facility Quarantine ဝင်နေသော စောင့်ကြည့်လူနာများအနက်မှ အခက်အခဲရှိသူများ၏ နေ့စဉ်စားစရိတ်အတွက် သက်ဆိုင်ရာ ပြည်နယ် အစိုးရများအား ငွေကျပ်သိန်း (၃၀၀)စီဖြင့် စုစုပေါင်း ကျပ်သိန်း (၉၀၀) ကို လှူဒါန်းခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ကမ္ဘောဇ အာမခံကုမ္ပဏီများဖြစ်သည့် KBZ MS General Insurance နှင့် KBZ Life တို့မှလည်း သိန်း (၁၀၀၀) ကျော်တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ လှူဒါန်းခဲ့ခြင်း၊ ကမ္ဘောဘဏ်နှင့် ပူးပေါင်း၍ သိန်း (၁၀၀၀) မတည် လှူဒါန်းခြင်း၊ ကာတွန်းဇာတ်ကောင်များဖြင့် COVID-19 ကာကွယ်၊ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများ အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း (၅၀၀၀) ကို ပါဝင်လှူဒါန်းထားသည်။
MAI နှင့် Air KBZ လေကြောင်းလိုင်းများမှလည်း ငွေကျပ်သိန်း ၁၅၀၀ ကို အမျိုးသားအဆင့် ကော်မတီသို့ လှူဒါန်းခြင်း၊ အမေရိကန်ဒေါ်လာ သုံးသိန်းခန့် အကုန်အကျခံကာ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသား ၇၀၀ ဦးကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် အခမဲ့ ပြန်လည်ခေါ်ဆောင်ခြင်း၊ အရေးပေါ် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို အရေးပေါ် သယ်ဆောင်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
COVID - 19 ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချူပ်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် ကမ္ဘောဇဘဏ်သည် KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့် Air KBZ တို့နှင့်လက်တွဲ၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ယခုအချိန်အထိ ကျပ်သိန်းပေါင်း ၃၅၂၂၄ သိန်း လှူဒါန်းထားပြီး ဆက်လက်၍လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့် နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်းစဉ်


