တောင်ကြီး ၅ ဇွန်
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ် သိန်း(၅၀၀၀) ထပ်မံလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ခွဲအချိန် တွင်တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်များ၊ ကမ္ဘောဇ ဘဏ်လီမိတက်နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံရေးကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကမ္ဘောဇဘဏ်လီမိတက် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့် က ငွေကျပ်သိန်း(၅၀၀၀) ထပ်မံလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံ သို့ ကမ္ဘောဇဘဏ်လီမိတက် နာယကဦးအောင်ကိုဝင်းနှင့် အရာထမ်းများမှ ငွေကျပ်သိန်း(၅၀၀၀)အား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ကမ္ဘောဇဘဏ်၏ လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်ကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရှမ်းပြည်နယ ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ တောင်ကြီးမြို့သို့ တက္ကသိုလ်ဝင်တန်း အဖြေလွှာလာ ရောက်စစ်သည့် ပညာရေးဝန်ထမ်းများအတွက် စားနပ်ရိက္ခာ ဆန်အိတ်(၂၀၀)၊ ဆီပုံး(၂၀)၊ COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ငွေကျပ်သိန်း(၁၀၀) တို့အား ပေးအပ်လှူဒါန်းရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမူမူမြင့် နှင့် ပညာရေးဝန်ထမ်းများမှ လက်ခံခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီသို့ ကမ္ဘောဇဘဏ်လီမိတက်မှ ၂၀၂၀ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ပထမအကြိမ်အဖြစ် ငွေကျပ်သိန်း(၅၀၀၀)မတည်ပေးခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ကမ္ဘောဇဘဏ် လီမိတက် နာယက ဦးအောင်ကိုဝင်းတို့ ဦးဆောင်သည့် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီဝင် များသည် ၂၀၂၀ပြည့်နှစ်၊ မေလ(၂၁)ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များ၊ ညောင်ရွှေ၊ အင်းလေး၊ နောင်တရား၊ ဖယ်ခုံ၊ မိုးဗြဲ၊ ကျောက်တလုံးဒေသ၊ ဟဲဟိုး၊ အောင်ပန်း၊ကလော၊ရွာငံ၊ ပင်းတယ ဒေသများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲရှောင်စခန်းများနှင့် လားရှိုးမြို့ ကျေးရွာများအထိ ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ကယန်း၊အင်းသား၊ဗမာ၊ပလောင်၊လားဟူနှင့် အာခါ တိုင်းရင်းသားများအတွက် ရိက္ခာထုပ် များအား လှူဒါန်းပေးခဲ့ပါသည်။ မေလ(၃၀)ရက်နေ့အထိ ဆန်၊ဆီ၊ဆား၊ကုလားပဲနှင့် ငွေကျပ်(၁၀၀၀၀)စီ ပါဝင်သော စားနပ်ရိက္ခာထုပ်များကို ဒေသခံတိုင်းရင်းသား မိသားစုပေါင်း(၂၂၅၀၄)စုဆီသို့ ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီးဖြစ်ပါသည်။
ထို့အပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးသို့ ငွေကျပ်သိန်း(၆၀၀၀)တန်ဖိုးရှိ ဆန်အိတ်ပေါင်း(၂၁၀၀၀)အိတ် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အလားတူ ရှမ်းပြည်နယ် အတွင်း ပအိုဝ်း၊ တောင်ရိုး၊အင်းသားနှင့် ဓနုတိုင်းရင်းသားများ စိုက်ပျိုးထားရှိသည့် ဂေါ်ဖီထုပ်စိုက်ခင်းများ COVID-19 ရောဂါအခြေအနေကြောင့် စျေးကွက်ပျက်ပြားပြီး စိုက်ခင်းများ ဖျက်ဆီးပစ်ရတော့မည့် အခြေအနေမှ ဂေါ်ဖီထုပ်စိုက်ခင်းများ အခင်းပြတ် ဂေါ်ဖီအထုပ်ရေ(၅၆၀၀၀၀) ထုပ်ကျော် ဝယ်ယူပေးခဲ့ပြီး မြန်မာနိုင်ငံဒေသ အသီးသီးသို့ ပို့ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ် -၁၉ရောဂါကာကွယ် ရေးဉကုသရေး၊ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်သိန်း(၁၄၀၀၀)တန်ဖိုးရှိ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လာသည့် ပြည်တော်ပြန်များကို လက်ခံထားရှိရာ စောင့်ကြည့်ရေးစခန်းများ၊ တိုက်နယ်ဆေးရုံများ ကျေးလက်ဆေးပေးခန်းများသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်း(၆)မျိုးကို နေရာအရောက် နေ့စဉ်အဆက်မပြတ် သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် COVID-19 ကမ္ဘာ့ကပ် ရောဂါကာလအတွင်း တစ်နိုင်ငံလုံအတိုင်းအတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် နိုင်ငံတော်နှင့်ပြည်သူအတွက် ပူးပေါင်းပါဝင်၍ လှူဒါန်းမှုများ၊ ကူညီမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှစ၍ ယနေ့အချိန်ထိ COVID-19 ရောဂါကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းစဉ်များအတွက် စုစုပေါင်းမှ ငွေကျပ်သိန်း (၄၁,၄၈၈)ခန့် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပေါင်းစုံပါဝင်သော အခြေခံပြည်သူမိသားစုများနှင့် ရှမ်း၊ ချင်း၊ ကချင်နှင့် ရခိုင်ပြည်နယ်များရှိ တိုက်ပွဲရှောင်ပြည်သူများသို့ စားနပ်ရိက္ခာများနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးညွှန့်ရွှေ(ပြည်နယ်ပြန်/ဆက်)


