ပဲခူး   ဒီဇင်ဘာ   ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးအခန်းမ၌ ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်း က ကမ္ဘောဇသာဒီနန်းတော်ဆောင်များ ရေရှည်တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ကြံ့ခိုင်မှု စစ်ဆေးခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၏ အထင်ကရဖြစ်သည့် ကမ္ဘောဇသာဒီ နန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြသာဒ်ဆောင်၊ ဘမရာသနပလ္လင်ဆောင်များ ပျက်စီးနေသည့် အစိတ်အပိုင်းများ၊ မြန်မာမှုသစ်သားပန်းကနုတ်ပြားများ၏ အခြေအနေကိုစစ်ဆေးပြီး ပြန်လည်ပြုပြင် နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် အောက်တိုဘာလတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက် ရှေးဟောင်းသမိုင်းပညာရှင်များ ပါဝင်သော နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး နိုဝင်ဘာလတွင် ပထမအကြိမ် အစည်းအဝေး ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ နန်းတော်ဆောင်များ ကြံ့ခိုင်မှုစစ်ဆေးရေး၊ ထိန်းသိမ်းရေးအဖွဲ့၏ မြေပြင် ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်များ၊ မှတ်တမ်းတင်ထားမှုများစသည့် အသေးစိတ်အချက်အလက် တင်ပြ ချက်များအပေါ် ကြည့်ရှုပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အရပ်ဘက်ရှေးဟောင်း သမိုင်းပညာ ရှင်များ၏ အကြံပြုချက်များဖြင့် ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်းနှင့် နန်းတော်ဆောင်များ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များနှင့်ပတ်သက်၍ တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဆောက်လုပ်ရေးအထူးအဖွဲ့(၃)၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လှ က ပဲခူးမြို့၊ ကမ္ဘောဇသာဒီ နန်းတော်ရာဝင်းအတွင်း ပုံစံတတည်ဆောက် ပြသထားသည့် နန်းဆောင် များ၏ ကြံ့ခိုင်မှုစစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့ရာ တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက် ရှေးဟောင်း သမိုင်းပညာရှင်များက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နန်းတော်ဆောင်များ ပြန်လည်ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သီးသန့်ဘဏ္ဍာငွေလျာထားပြီး သမိုင်းပညာ ရှင်များ၊ ပိသုကာပညာရှင်များ၊ မြန်မာမှုပညာရှင်များဖြင့် စနစ်တကျ အပိုင်းလိုက်ခွဲ၍ ရှေးမူမပျက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နန်းတော်ရာဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ အရိပ်ရသစ်ပင်နှင့် ရာသီအလိုက်ပွင့်သည့် ပန်းအလှပင်များ တိုးချဲ့စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက်သမိုင်းပညာရှင်များလိုက်ပါလျက် ပဲခူးမြို့၊ ကမ္ဘောဇသာဒီ နန်းတော်ရာဝင်းအတွင်းရှိ မြေနန်းပြသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)