ပဲခူး နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်ရာဝန်းအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ ပျော်ရွှင်အေးချမ်းလုံခြုံစွာ အနားယူအပန်းဖြေလည်ပတ်နိုင်ရေးအတွက် ဖျော်ဖြေရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ဗဟုသုတလေ့လာနိုင်ရေးကဏ္ဍများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်း တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီနန်းတော်သည် ပြည်တွင်းသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်တစား လာရောက်လည်ပတ်ရသည့် နေရာ တစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာခရီးသွား လမ်းညွှန် website ဖြစ်သည့် Museum Pool နှင့် ချိတ်ဆက် ဆောင်ရွက်သွားရန်၊ နန်းတော်ရာဝန်းအတွင်း တူးဖော်တွေ့ရှိထားသည့် ရှေးဟောင်း ပစ္စည်းများအတွက်သီးခြားပြတိုက်ထားရှိရန်၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သန့်ရှင်း သပ်ရပ်မှုရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက်ရန်နှင့် Travel Blogger များ ဖိတ်ခေါ်၍ ခရီးသွားလုပ်ငန်းမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ကမ္ဘောဇသာဒီနန်းတော်ကြီးသည် ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော် ဓောဘုရား တောင်ဘက်မုခ်အနီး နန်းတော်ရာရပ်ကွက်တွင်တည်ရှိပြီး မြေဧရိယာ(၆၄)ဧကခန့် အကျယ်အဝန်းရှိသည့် ပဲခူးရှေးဟောင်းဇုန်ထဲတွင်ပါဝင်သည့် အထင်ကရနေရာ တစ်ခုဖြစ် သည်။
ကမ္ဘောဇသာဒီနန်းတော်ကြီးသို့ တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသား ဦးရေ (၂) သိန်း နီးပါးနှင့် ပြည်တွင်းခရီးသွားဧည့်သည် (၆) သိန်းကျော် လာရောက်လည်ပတ် လေ့လာကြပြီး ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နိုဝင်ဘာ (၁၀) ရက်မှစတင်၍ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီခွဲအထိ ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
(သတင်းစဉ်)


