၁၉  အောက်တိုဘာ

 

ကမ်းခြေသွားရင် သံပခြုပ်တွေ လာလာရောင်းတာ တွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲခြစ်ထည့်ပြီး သံပရာရည် ညှစ်သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ပြောတာပဲ။ ဘာကြောင့်အားရှိတယ်ပြောတာလဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ပါဦး။

 

အသား၊ငါးတွေလိုပဲ ပရိုတင်းကြွယ်ဝတယ်

သံပခြုပ်တွေက ပရိုတင်းဓါတ်ကြွယ်ဝပါတယ်။ အသား၊ငါးနဲ့ပဲတွေလိုပဲ အသားဓါတ်ရမယ့် အရင်းအမြစ်တစ်ခုအဖြစ် စားသုံးလို့ရတယ်။ ဒါ့ကြောင့် သံပခြုပ်အနှစ် ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း ၃.၂ ဂရမ်ပါဝင်တာပါ။

 

အုတ်ဂျုံနဲ့ ဂျုံကြမ်းတို့လို အမျှင်ဓါတ်ရစေနိုင်တယ်

သံပခြုပ်ကိုစားရင် အုတ်ဂျုံနဲ့ ဂျုံကြမ်းတွေလိုပဲ အမျှင်ဓါတ်များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ သူ့ကိုဆက်တိုက်စားပေးရင် အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။

 

ဗီတာမင် C ပါဝင်တယ်

သံပခြုပ်မှာ ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင် အသီးအရွက်တွေနဲ့ အားဆေးတွေ မစားချင်ဘူးဆိုရင် သူ့ကိုစားလို့ရပါတယ်။

 

ခွန်အားတိုးစေတယ်

သံပခြုပ်ကို ကျားခွန်အားတိုးစေတဲ့ အာဟာရအဖြစ် ဂျပန်မှာလူသိများတဲ့အပြင် သံပခြုပ်ဆူရှီကိုလည်း လူကြိုက်များပါတယ်။ သံပခြုပ်က သွေးလည်ပတ်မှုကို ကောင်းစေတယ်၊ လိင်စိတ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။

 

ဗီတာမင် A ပါဝင်တယ်

ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာကို ရှာချင်တယ်ဆို သံပခြုပ်ကို လက်ညှိုးညွန်ရမှာပဲ။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့မှာပဲ အဓိကတွေ့ရတတ်တဲ့ ဗီတာမင် A ကို လုံလောက်တဲ့ပမာဏအထိ သံပခြုပ်ကနေရနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မယ်။

 

ကယ်လိုရီရနိုင်တယ်

ခန္ဓါကိုယ်ကြီးလှုပ်ရှားနိုင်ဖို့က ပါဝါဘဏ်တွေလို ခွန်အားပုံမှန်ဖြည့်ပေးဖို့လိုပါတယ်။ ဒီအတွက် သံပခြုပ်က ကူညီပေးနိုင်ပါတယ်။ အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါတယ်။ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်ချက်တွေကို မှန်ကန်သွားစေပြီး နှလုံးကျန်းမာစေပါတယ်။

 

ဒီလိုကျန်းမာရေး အကျိုးကျေးဇူးများတဲ့ သံပခြုပ်ကို နေရာတိုင်းမှာ အလွယ်တကူ ဝယ်ယူလို့မရနိုင်ပေမယ့် ကိုယ်ကကမ်းခြေရောက်နေပြီဆိုရင်တော့ စားဖြစ်အောင်စားကြည့်လိုက်ပါ။

 

ရေးသားသူ - Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”