ကွမ်းခြံကုန်း ၄ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာအုပ်စု၊ ကံဝိုင်းကျေးရွာတွင် မင်းသုဝဏ်ဖောင်ဒေးရှင်းကိုယ်စားပြု အလှူရှင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က ဆောက်လုပ်လှူဒါန်းသည့် စာသင်ကျောင်းဆောင်သစ် လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၉)နာရီက ကံဝိုင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်များဖြစ်သည့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိုက်၊ မင်းသုဝဏ် ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးအောင်ကျော်စိုးတို့က ဖဲကြိုးဖြတ်၍ ကျောင်းဆောင်သစ်ကို ဖွင့်လှစ်ပေးခဲ့ပြီး အလှူရှင်မိသားစုနှင့်အတူ ဧည့်သည်တော်များ ဖိတ်ကြားထားသူများက ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မင်းသုဝဏ် ဖောင်ဒေးရှင်းနာယက ဦးထင်ကျော်က ကျောင်းဆောင်သစ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မင်းသုဝဏ်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိုက်က လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသိုက်က ကျောင်းဆောင်သစ်လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်မှာ အလျားပေ(၆၀)၊ အနံပေ(၃၀) တစ်ထပ်အဆောက်အဦးဖြစ်ပြီး ကုန်ကျငွေစုစုပေါင်းသိန်း(၂၅၀)ဖြင့် ဆောက်လုပ်ခဲ့ပြီး နှစ်ဖက်မိဘများကို အမှူးထား၍ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် မိသားစုက မင်းသုဝဏ်ဖောင်ဒေးရှင်းကိုယ်စားပြု လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)


