ကွမ်းခြံကုန်း ၂၀ မတ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ယမန်နေ့ မနက် ၈ နာရီကစ၍ COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းတစ်ခုဖြစ်သော လက်ကိုစင်ကြယ်စွာ ဆေးကြောကြရန် သရုပ်ပြကမ့်ပိန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြဆောင်ရွက်မှုကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ဖြိုးထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၃၂)ဦးတို့က ဈေးဆိုင်များတွင် ဈေးရောင်းသူ၊ ဈေးဝယ်လာသူများအား အရာဝတ္ထုပစ္စည်းများတွင် ကပ်ငြိနေသော ဗိုင်းရပ်စ်များအား လက်ဖြင့်ထိတွေ့မိခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားနိုင်သဖြင့် လက်များကိုစင်ကြယ်စွာ ဆေးကြောရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်သန့်ဆေးရည်အသုံးပြု၍ မှန်ကန်သော လက်ဆေးနည်းကို လက်တွေ့ပြသခြင်း၊ (COVID-19) ရောဂါကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စတစ်ကာများကပ်ခြင်း၊ ကားဂိတ်၊ ဆိုက္ကားဂိတ်၊ မော်တော်ဆိပ်များတွင် အသံချဲ့စက်ဖြင့်နှိုးဆော်ခြင်းနှင့် “လက်ဆေးကြပါစို့” ကမ်ပိန်းကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်အတွင်း(COVID-19) ရောဂါကာကွယ်ခြင်းနှင့် မဖြစ်ပေါ်စေရေးအတွက် အသိပညာပေး လှုပ်ရှားမှုများကို မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတလူမှုကူညီရေး အဖွဲ့အစည်းများပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းစိုး(ရွှေခြံမြေ)