ကွမ်းခြံကုန်း ၂၀ ဖေဖော်ဝါရီ 

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့ နံနက်ပိုင်းက အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း ဇာတိမာန်ခန်းမတွင် ကျင်းပသည်။

 

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာမြတ်သူက ကျောင်းသူ ကျောင်းသားများအား ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျှက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင် ဖြစ်ပေါ်လာပုံနှင့် ရောဂါလက္ခဏာများ၊ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ကူးစက်နိုင်သဖြင့် ကာကွယ်ရမည့် နည်းလမ်းများ၊ လူထူထပ်သောနေရာများအား တတ်နိုင်သမျှ ရှောင်ကြဉ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပြီး အာဟာရပြည့်ဝစွာ စားသုံးရေးနှင့် ကောင်းစွာ အိပ်စက်အနားယူရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

 

524

 

ဆက်လက်ပြီး ကျန်းမာရေးကြီးကြပ် (၁) ဦးဝေယံက ရောဂါကာကွယ်ရန် နည်းလမ်းများဖြစ်သည့် ပါးစပ်နှင့် နှာခေါင်းစည်း (mask)အသုံးပြုပုံနှင့် မှန်ကန်သော လက်ဆေးနည်းများကို လက်တွေ့ သရုပ်ပြသခဲ့သည်။

 

ထို့နောက် ကျောင်းသူကျောင်းသားများက သိရှိလို၍ မေးမြန်းကြသည်များကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြတ်သူက ပြန်လည်ဖြေကြားပေးခဲ့သည်။

                      

 အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်သူ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလေးနှင့် ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၂၅၀)ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းစိုး(ရွှေခြံမြေ)