ကွမ်းခြံကုန်း ၅ မေ
ယနေ့တွင် ကျရောက်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့မနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၂၀)၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးဖြင့် မင်းပိုင်းရပ်ကွက် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံဝန်းအတွင်း ချုံနွယ်မြက်ပင်များအား ရှင်းလင်းခြင်း၊ ဆေးရုံအဆောက်အဦအတွင်း ရေဆေးသန့်ရှင်းခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အလားတူ မေ(၄)ရက်နေ့က သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော မေတ္တာကျေးရွာသို့ သွားရောက်၍ ရေဂါလန် (၈၀၀)အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)


