နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်တွင်း၊ ပြည်ပလုပ်သားဈေးကွက်မှ လိုအပ်သောကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၊ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ NSSA အသိအမှတ်ပြုသင်တန်း ကျောင်းများ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းများ၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ အတည်ပြုပြဋ္ဌာန်းထားသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံများ နှင့်အညီ လေ့ကျင့်သင်ကြားပေးမည့် သင်တန်းကျောင်းများကို NSSA အသိအမှတ်ပြု သင်တန်း ကျောင်းများအဖြစ် အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ထုတ်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ထုတ်ပေးခဲ့သည့် သင်တန်းကျောင်း (၂၀) ကျောင်းရှိပြီဖြစ်ကြောင်း။
ထို့အတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းများအဖြစ် မှတ်ပုံတင် လက်မှတ်ထုတ်ပေးမှုကို ၂၀၁၅ ခုနှစ် မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တို ဘာလအထိ အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ထုတ်ပေးခဲ့သည့် သင်တန်းကျောင်း ၂၄ ကျောင်း ရှိကြောင်း၊ ကျွမ်းကျင်လုပ်သား မွေးထုတ်ပေးရန် လိုအပ်သည့် သင်တန်းသုံး အထောက်အကူ ပြုပစ္စည်းများ၏ အရည်အသွေးပြည့်ဝမှု၊ သင်တန်းနည်းပြများ၏ သတ်မှတ်အရည်အချင်း ပြည့်မီရေး၊ နှစ်စဉ်မွေးထုတ်ပေးနိုင်မည့် သင်တန်းသားဦးရေ လုံလောက်စွာ ရရှိနိုင်မှုစသည့် စိန်ခေါ်မှုများ တည်ရှိနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်စွမ်းအားတိုးမြှင့်ပေး နိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သောကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကျွမ်းကျင်လုပ်သား စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များ၊ အလုပ်အကိုင် အခွင့်အလမ်းချိတ်ဆက်ပေးနိုင်မှုများကို ဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


