၁၉ ဇန်နဝါရီ
တိုင်းပြည်၏စက်မှုကုန်ထုတ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ၌ ကျွမ်းကျင် လုပ်သား လုံလုံလောက်လောက်ရရှိရေးသည် အခြေခံလိုအပ် ချက် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသော ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအတွက်ဖြစ်စေ၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအတွက် ဖြစ်စေ လိုအပ်သော ကျွမ်းကျင်လုပ်သား လုံလုံလောက်လောက်ရရှိနိုင် ခြင်း ရှိ၊ မရှိသည် ဆုံးဖြတ်ချက်ချမှတ်ရာ၌ အဓိကထားစဉ်းစားရမည့် အချက် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သာမန်လုပ်သားနှင့် ကျွမ်းကျင်လုပ်သား ကို ခွဲခြားပေးမည့် စံသတ်မှတ်ချက်တို့ ပြဋ္ဌာန်းပေးရန် လိုအပ်လာပါသည်။ ထို့အတူ ဤစံသတ်မှတ်ချက်တို့ကို စနစ်တကျ တိုင်းတာဆုံးဖြတ်ပေးမည့် အဖွဲ့အစည်းတစ်ရပ်လည်းရှိရန်လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းရှင်တို့က ကျွမ်းကျင်လုပ်သားတို့ကို အလွယ်တကူ ခွဲခြားခန့်ထားပေးနိုင်မည် ဖြစ်ပါသည်။
ဤသို့သော လိုအပ်ချက်နှင့်အညီ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ကို ၂ဝ၁၇ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့ပါ သည်။ ဤလုပ်ငန်းစဉ်သည် ဒေသတွင်းလုပ်ငန်းစဉ်များ၌ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်ရမည့် အခန်းကဏ္ဍနှင့်လည်း ဆက်စပ်နေပါသည်။ မြန်မာနိုင်ငံသည် အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးလုပ်ငန်း စီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ လုပ်ငန်းစီမံကိန်း၏ ရည်ရွယ် ချက်သည် တစ်နိုင်ငံချင်းအလိုက်အဆင့်နှင့် ဒေသတွင်းအဆင့် ကျွမ်း ကျင်မှုအရည်အသွေးမူဘောင်၊ စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဖြစ်ပါ သည်။ လိုရင်းတင်ပြရမည်ဆိုပါက မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏စည်းလိုက်ခြင်းသည် နိုင်ငံတော်၏ လိုအပ် ချက်နှင့်အတူ ဒေသတွင်း လိုအပ်ချက်ကိုပါ ဖြည့်ဆည်းလိုက်ခြင်း ဖြစ်ပါ သည်။
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအ¸၏ ထုတ်ပြန်ချက်အရ ယခုအခါလုပ်သား ၁၅ဝဝ ခန့်အား အမျိုးသား အဆင့် (နိုင်ငံအလိုက်အဆင့်) အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များကို ထုတ်ပေးပြီး ဖြစ်ပါသည်။ အဆိုပါ အသိအမှတ်ပြု လက်မှတ်တို့သည် သက်ဆိုင်ရာလုပ်သားတို့၏ ဘဝမြင့်မားတိုးတက်ရေး အတွက် လှေကားသဖွယ် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပိုင်ဆိုင်ရရှိခြင်းကြောင့် သက်ဆိုင်ရာလုပ်သားတို့သည် အလုပ်အကိုင်အခွင့်အလမ်းတို့ ပိုမိုရရှိ လာမည်ဖြစ်သကဲ့သို့ ပိုမိုကောင်းမွန်သောလုပ်ခလစာတို့ကိုလည်း ခံစား ရရှိနိုင်မည် ဖြစ်ပါသည်။ ကျွမ်းကျင်လုပ်သားတို့သည် ကျွဲကူးရေပါဆို သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်အစွမ်းသတ္တိကိုလည်း မြင့်မားစေမည် ဖြစ်၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သည် ယခုနှစ်အောက်တိုဘာလအတွင်း ကျွမ်းကျင်မှု အလုပ်အကိုင် ၁၇၃ မျိုးအတွက် စံမီသော အလုပ်သမား ၅ဝဝဝ မွေးထုတ်ပေးရန် ရည်မှန်း ချက် ချမှတ်ထားသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ချက် ပြဋ္ဌာန်းရေးအဖွဲ့၏ စံသတ်မှတ်ချက်တို့သည် အာဆီယံအဆင့်မီသည်ဟုလည်း သိရှိရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ လိုအပ်ချက်နှင့် ဒေသတွင်း လိုအပ်ချက်တို့ ဖြည့်ဆည်းပေးရေးကို တစ်ပြိုင် တည်း စွမ်းဆောင်ပေးနေသော မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေး အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကို ဂုဏ်ပြုကြိုဆိုပါ ကြောင်း လေးစားစွာတင်ပြအပ်ပါသည်။