နေပြည်တော် အောက်တိုဘာ ၁၄
အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည် သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံ အဖြစ် ၂၀၁၉ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံအဆင့် ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံ ပူးပေါင်းဆောင်ရွက်မှု စတင်ဖြစ်ပေါ် လာချိန်မှစ၍ ခရီးသွားလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်လာခဲ့မှု အခြေအနေများအရ ဟိုတယ်နှင့်ခရီး လှည့်လည်ရေးလုပ်ငန်း ဆိုင်ရာ အလုပ်အကိုင် (၃၂)မျိုးအတွက် ၂၀၁၂ ခုနှစ်မှစ၍ ASEAN MRA-TP အစီအစဉ်အရ အခြေခံဆောင်ရွက်နေ ခြင်းဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရာတွင်လည်း အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် အခြေခံကျွမ်းကျင်မှု စံနှုန်းများကို စုဖွဲ့ထားရှိပြီး စံနှုန်းများနှင့်အညီ သင်ကြားပို့ချမွေးထုတ်ပေးရန် လိုအပ်သလို အခြား တစ်ဖက်တွင်လည်း ကျွမ်းကျင်မှုစံနှုန်းများကို ခေတ်ကာလအလိုက် ပြင်ဆင်မွမ်းမံရန် လိုအပ်ပါ ကြောင်း၊ ASEAN MRA-TP အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၃ တွင် ထည့်သွင်း ဖော်ပြချက်အရ ကျွမ်းကျင်မှုစံနှုန်းများကို ခေတ်အခြေအနေအရ ပြန်လည်လေ့လာ သုံးသပ်ရန် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်မှ စ၍ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သော အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများအစည်းအဝေးက အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ကျွမ်းကျင်မှုစံနှုန်းများ ပြောင်းလဲသွားသည့်အတွက် ဆက်စပ်လုပ်ငန်း စဉ်များဖြစ်သည့် ကျွမ်းကျင်မှုအဆင့်အလိုက် စံနှုန်းများစုဖွဲ့ခြင်းနှင့် အဓိကတာဝန်ယူ ဆောင်ရွက်မည့် စံနှုန်းများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။
ဦးဆောင်နိုင်ငံဖြစ်သည့် မိမိတို့အနေဖြင့် လုပ်ငန်းညွှန်းတမ်းနှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲထားရှိပြီး သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ပထမမူကြမ်းထွက်ရှိလာခြင်း ဖြစ်ပါကြောင်း၊ ပထမမူကြမ်းအပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာ ဟိုတယ်နှင့်ခရီးလှည့်လုပ်ငန်းဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များစုပေါင်း၍ နိုင်ငံအဆင့် ညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ် ဆောင်ရွက်ရန် တိုက်တွန်းထားရှိပြီး ဖြစ်ပါ ကြောင်း၊ လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အပြုသဘောဆောင်သည့် အကြံပြုချက်များ လက်ခံရရှိ ထားပါကြောင်း၊ အကြံပြုချက်များအပေါ် အခြေခံ၍ ဒုတိယမူကြမ်းထွက်ရှိလာမည်ဖြစ်ပြီး အာဆီယံ အဆင့် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို Hybrid စနစ်ဖြင့် မြန်မာနိုင်ငံမှ နိုဝင်ဘာလ နှောင်းပိုင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် မိမိတို့နိုင်ငံ၏ လိုအပ်ချက်များနှင့် အကြံပြုချက်များကို စုပေါင်းဆွေးနွေး အကြံပြုစေလိုပါကြောင်းနှင့် လာမည့် အာဆီယံအဆင့်ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲတွင် အခြားအဖွဲ့ဝင်နိုင်ငံများက ကိုယ်စား လှယ်များပါ စုပေါင်းပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပါသဖြင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ နိုင်ငံအဆင့် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပါသဖြင့် အဆင့်အတန် ရှိသော ရလဒ်များ ထွက်ပေါ်လာရေး အားလုံးဝိုင်းဝန်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ နောက်ဆက်တွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ထား ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို လည်းကောင်း သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်က ပထမမူကြမ်းရေးဆွဲခဲ့မှုကိုလည်းကောင်း ဆွေးနွေးရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)