ရန်ကုန်မြို့ နိုဝင်ဘာ ၈
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)သို့ ရောက်ရှိပြီး အခြေခံ ဂဟေဆက် သင်တန်းသားများအား တွေ့ဆုံအားပေး သည်။
တွေ့ဆုံစဉ် ကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုနှင့် ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အခြေခံ ဂဟေဆက်သင်တန်း(၂)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား(၄၀) မွေးထုတ်ကာ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခဲ့ပြီး အခြေခံဂဟေဆက် သင်တန်း (၃/၂၀၂၂)ကို နိုဝင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ သင်တန်းသား (၂၀) ဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း တင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများ တည်ထောင်ဖွင့်လှစ်ပြီး လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကျွမ်းကျင်သင်တန်းများကို ဖွင့်လှစ်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဖြစ်ရာ မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်မိမိဒေသအတွက် အကျိုးကျေးဇူးများ ရရှိစေပြီး ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအတွက် များစွာအထောက် အကူဖြစ်စေကြောင်း၊ နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ အလေးထားမွေးထုတ်ပေးနေ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများမှ သင်တန်းဆင်းများအနေဖြင့် အသက် မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျကြိုးစားသင်ယူပြီး လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချ၍ လူနေမှုဘဝမြင့်မားစေရေးအတွက် နည်းပညာတိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာရန်လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့၏ အရည်အသွေးများကို ပိုမိုမျှဝေနိုင်ရေး ဒေသအဆင့်၊ နိုင်ငံတကာအဆင့် အမီလိုက်နိုင်ရန် ကြိုးစားအားထုတ်စေလိုကြောင်း မှာကြား၍ သင်တန်းကျောင်းရှိ လက်တွေ့အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရွှေပေါက်ကံ စက်မှုဇုန်ရှိ Shin Sung Tong Sang Co., Ltd နှင့် KPH CMP စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးပြီး စက်ရုံအစည်းအဝေး ခန်းမတွင် စက်ရုံ၊ အလုပ်ရုံမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အတွက် အလေးထားဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်တွင် ကုန်မှာစာများ ပုံမှန်ရရှိပြီး စက်ရုံများလည် ပတ်နိုင်ရန် လိုအပ်သဖြင့် စက်ရုံအပေါ် အလုပ်အပ်နှံသူများမှ ယုံကြည်မှုရရှိရေး ကောင်းသတင်းပြန့်နှံ့စေရန် အပြန်အလှန်ယုံကြည်နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)