ကွမ်းလုံ ဒီဇင်ဘာ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရန်အတွက် မြို့လည်ကျောက်တိုင်တွင် ရှောင်တခင်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် ကွမ်းလုံမြို့တွင်းသို့ အခြားဒေသမှလာရောက်သည့် ဈေးသည်များနှင့် အနီးပတ်ဝန်းကျင်ရွာမှ ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာနေသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ကား/ဆိုင်ကယ်များကို စနစ်တကျရပ်တန့်စေ၍ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးသည့်နေရာသို့ စေလွှတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စနစ်တကျစစ်ဆေးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ စာရင်းကောက်ယူခြင်းနှင့် နှာခေါင်း/အာခေါင်တို့ဖတ်ရယူကာ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဒေသခံပြည်သူ ၂၀၀ အား အခမဲ့ဆောင်ရွက်ပေးခဲ့ရာ ရောဂါပိုး ကူးစက်ခံရသူမရှိကြောင်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ဇွန် ၁၉ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၆၇၁ ဦး၊ သေဆုံး ၂၃ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ပြန်လည်ပို့ဆောင်သူ ၆၄၇ ဦး၊ ကုသဆဲ(၁)ဦးသာ ကျန်ရှိတော့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)