နေပြည်တော် ၊ ၂၅ ဒီဇင်ဘာ
ကွမ်းလုံမြို့နယ်တွင် ငွေကျပ်သိန်း ၃,၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များ၊ ခဲယမ်းများနှင့် သိန္နီမြို့နယ်တွင် ငွေကျပ်သိန်း ၁,၁၀၀ ကျော်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ရာနိုက်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီတွင် ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ- သိန္နီသွား ကားလမ်း၊ ကန်မိန်းလမ်းဆုံအနီးတွင် ကြိုတင်သတင်းရရှိထားသော TOYOTA VIGO မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ နောက်ပြန်လှည့်မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ညနေ ၃ နာရီခွဲတွင် ကွမ်းလုံမြို့နယ်၊ ကန်မိန်းကျေးရွာ အနီးတွင် ၎င်းမော်တော်ယာဉ်အား ဂျုံးမီ(ခ)ဆန်းသီ၊ လောက်ဝူ(ခ)လီမင်ချန်(ခ)ကျော်ထွေး၊ ရန်ဖာဝမ်(ခ)ဝူသီး (ခ) ကျော်ခိုင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။
မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်၏ရှေ့တံခါး ဝဲ/ယာအတွင်းနှင့် နောက်ကြမ်းခင်းအံဝှက် အတွင်းတို့မှ ဘိန်းညိုမှုန့် ၆၄ ကီလို၊ ၉ မမကျည်တောင့် ၁၀၀ နှင့် ပွိုင့် ၂၂ ကျည်တောင့် ၈၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်အရေးယူ ထားရှိပြီး ဖမ်းဆီးရမိ ဘိန်းညိုမှုန့်များကို ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်သို့သယ်ဆောင်ခြင်းဖြစ်ကြောင်း၊
အလားတူ အကောက်ခွန်ဦးစီးဌာနဝန်ထမ်းများနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ်တွင် သိန္နီ မြို့နယ်၊ ရေပူကျေးရွာအနီး၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်ဘက်မှ မန္တလေးဘက်သို့ ဇော်ထက် မောင်းနှင်လာသည့် ၂၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်း အိမ်ဆောက်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ပီပါပုံးများအတွင်းမှ ဆိုဒီယမ်ဆိုင်ရာနိုက် ကီလို ၁၉,၂၅၀ သိမ်းဆည်း ရမိခဲ့သဖြင့် ဇော်ထက် အား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိ ဆိုဒီယမ်ဆိုင်ရာနိုက်များကို နှစ်နိုင်ငံနယ်စပ် မူဆယ်မြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်