ကွမ်းလုံမြို့နယ်တွင် လက်နက်/ခဲယမ်းနှင့် ငွေကျပ်သိန်း ၉၆၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀ ဖေဖော်ဝါရီ    


            
တပ်မတော်မှ ကွမ်းလုံမြို့နယ်၊ နောင်စံဖူးကျေးရွာအနီး၊ ထလုံထန်တောင်ကြော၌ ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီခွဲက ဂမ်ဂျာမောင်းနှင်ပြီး လနန်(ခ)လှနန် လိုက်ပါလာသည့် TOYOTA HILUX မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈၀ဝ၀ဝ  ပြား၊ ကာလတန်ဖိုး ငွေကျပ်သိန်း ၉၆၀ဝ တန်ဖိုးရှိ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅ တောင့်၊ လက်ကိုင်ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ 

 

အလားတူ ဖေဖော်ဝါရီ ၁၉ ရက် ည ၉ နာရီက မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ခရီးသည် ရွှေဘ၊ မင်းထက်ကို(ခ)ဆာလာနှင့် မိုးသိန်းတို့ ၃ ဦး၏ ခရီးဆောင်အိတ်များအတွင်းမှ ဘိန်းဖြူ ၃ ဒသမ ၃ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄၂၀ဝ၀ တို့ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၆ နာရီက နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၊ အမှတ်(၁၅)လမ်းနေ အောင်အောင် (ခ) ရန်အောင်၏ နေအိမ်ကိုရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၃၃၀ ပြား၊ ငွေကျပ် ၉၃၀ဝ၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ ထို့အပြင် မွန်းလွဲ ၁၂ နာရီခွဲတွင် ဖားကန့်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ မှော်ဝမ်းကြီးကျေးရွာအုပ်စု၊ အင်မားယန်းကျေးရွာ မြေစာပုံအနီးတွေ့ရှိသူ ပြည့်စုံအား ရှာဖွေရာ ဘိန်းဖြူ ၃၁ ဒသမ ၆ ဂရမ်၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၃၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်တပ်ဖွဲ့စု(၉) ဟုမ္မလင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ မန်သက်ကျေးရွာအုပ်စု၊ ကိုးထောင်ကျေးရွာအနီးရှိ တောလမ်းတွင် ဇော်ဦးမောင်းနှင်ပြီး ကွေ့လန်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၆၀ ဂရမ်သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မန်သက်ကျေးရွာအုပ်စု၊ ကိုးတောင်ကျေးရွာနေ မအုံးမေ၏ နေအိမ်ကိုဆက်လက်ရှာဖွေရာ ဘိန်းဖြူ ၁၈၀ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄၀ဝ၀ တို့ကို လည်းကောင်း။


ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၆ နာရီခန့်တွင် မိုင်းချောင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ နန်းဘုန်းကျေးရွာနေ ဝင်းမောင်၏နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ ၁၁၁ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၁၈၉၂ ပြားတို့ကို လည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၈ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၁၆) ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ ပုတီးဖြူကျေးရွာနေ မတင်မာဝင်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၂၂၈၈ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN