ကွမ်းလုံ နိုဝင်ဘာ ၂

    

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ်၊ မိုးစပါးစံပြကွက်၊ စံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နမ့်ဟူးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

    

အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို "နမ့်ဟူးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂) တောင်သူ ဦးလောက်ချမ်း၏ လယ်မြေ တွင် ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ကွင်းအမှတ်(၁၂)တွင် တောင်သူ (၃၀)၏ ဧက ၁၀၀မှာ ဧည့်မထ အထွက်ကောင်း(အခြား)၊ ဒီယူ-၁၆ကို ရွေးချယ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ စားသုံးသူ ကြိုက်နှစ်သက်မှုရှိပြီး အထွက်နှုန်းလည်း ကောင်းသောကြောင့် တောင်သူများ အဆင်ပြေသဖြင့် လာမည့်နှစ်တွင်လည်း ပြန်လည်စိုက်ပျိုးမည်ဖြစ်ကြောင်း  သိရသည်။

 

ထို့အပြင် တောင်သူများ၏ နည်းစနစ်လိုက်နာမှု၊ သွင်းအားစုများ ဈေးတက်နေသော်လည်း သစ်ဆွေးမြေဩဇာများ ပေါင်းစပ်အသုံးပြုမှုကြောင့် အထွက်နှုန်းမှာ ယခင်နှစ်ထက် အနည်းငယ် ပိုမိုထွက်ရှိကြောင်း ၊ ဘက်စုံစံပြစိုက်ခင်းဖြစ်သဖြင့် စံပြကွက်၊ စမ်းသပ်ကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းများ၊ မျိုးစပါးယှဉ်ပြိုင်ကွက်၊ စိုက်နည်းစနစ် စမ်းသပ်ကွက်များတွင်  ခေတ်မီနည်းစနစ်များကို တောင်သူများအနေဖြင့် တစ်စုတစ်ဝေးတည်း တွင်တွင်ကျယ်ကျယ်သိရှိအောင် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း" စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးလွင်က ပြောကြားခဲ့သည်။

    

အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ဆောင်းရာသီ ဘိန်းအစားထိုးသီးနှံအဖြစ် "ရေဆင်း စပ်မျိုးပြောင်း"များကို တောင်သူများအား ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။

 

ဖြိုးမမ(ကွမ်းလုံ)