ကွမ်းလုံ၌ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ

ကွမ်းလုံ  ၂၁  ဖေဖော်ဝါရီ    


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူရေး အထူးအဖွဲ့မှ ချင်းရွှေဟော် - ကွမ်းလုံ ပြည်ထောင်စုလမ်းမပေါ်၌ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ရာ (Nissan-၆ ဘီး) (၂) စီး၊ (CANTER - ၆ဘီး) (၂) စီး၊ (FUSO-၆ ဘီး) နှင့် HINO-၁၂ ဘီးတို့ အပေါ်တွင် တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရားမဝင် အကောက်ခွန်မဲ့ တရုတ်နိုင်ငံထုတ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။


မော်တော်ယာဉ်(၆)စီးပေါ်တွင် သယ်ဆောင်လာသော တရုတ်နိုင်ငံထုတ် DALI BEER ဗူး(၁၂၀ဝ)ဖာ၊ DALI BEER ပုလင်း (၁၇၇၆)ဖာ၊ BLUE CLASSIC BEER ဗူး(၁၈၃၀)ဖာ၊ DIALAQ BEER ဆင်နှစ်ကောင် တံဆိပ်ပါ(၁၃၅)ဖာ၊ တရုတ်စာတမ်းပါ ခေါက်ဆွဲခြောက်(၃၇၀)ဖာ၊ ကြက်အူချောင်း(၈၀)ဖာ၊ အချိုရည်(၈၅)ဖာ၊ ရေနွေးကြမ်းဗူး(၁၃၀)ဖာနှင့် ဆန်ပြုတ်(၇၀)ဖာတို့ စုစုပေါင်းခန့်မှန်းတန်ဖိုး (၂၁၅၀၄၀ဝ၀) ကျပ်ခန့် ဖမ်းဆီးရမိခဲ့သည်။


အဆိုပါ မော်တော်ယာဉ်(၆)စီး၏ ယာဉ်မောင်း(၆) ဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


မိုင်းခိုင်ဇော်(ပြန်/ဆက်)