ကမမောင်း ၊   ၂၂  ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် ခရိုင်ချင်းဆက် မီးဇိုင်းချောင်းကူးတံတား တည်ဆောက်ပြီးစီးခဲ့သဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိသည်။

 

ကမမောင်းမြို့နှင့် ဘားအံမြို့နယ်ကို နယ်နိမိတ်ခွဲခြားထားသည့် မီးဇိုင်းချောင်း၌ ခရိုင်ချင်းဆက် သွယ်ပေးသည့် မီးဇိုင်းချောင်းကူး သံကူကွန်ကရစ်တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဖာပွန် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ (၁၉၆.၄၇၀) ကျပ်သန်းဖြင့်ဆောက်လုပ်ခဲ့သည်။

 

အဆိုပါတံတားမှာ  တံတားအရှည်ပေ(၈၀)၊ တံတားအကျယ်ပေ (၂၀) ရှိ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ဖာပွန်ခရိုင်၊ ကမမောင်းမြို့နှင့် ဘားအံမြို့နယ်အတွင်းရှိ ကပ်ကျော်ကျေးရွာ၊ ဖားပေါင်ရွာကြီး ရွာလေး၊ဖားပေါင်တောင်ခြေရွာ၊မီးဇိုင်းတောင်ခြေရွာ စသည့်ကျေးရွာများစွာအတွက် အကျိုးဖြစ်ထွန်းစေမည့် တံတားဖြစ်သည်။

 

ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးလျက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ကမမောင်းမြို့မှတစ်ဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချ လျက်ရှိရာ ယခင် တံတားမတည်ဆောက်ခင် ကာလများက ယင်းကျေးရွာများရှိ ဒေသခံတိုင်းရင်း သား ပြည်သူများမှာ မိုးရာသီအချိန်များ၌ မီးဇိုင်းချောင်းရေ ပြည့်ရေလျှံနေချိန်များတွင် တံတားငယ် လေးကိုသာ အားကိုးရကြောင်း၊ ကမမောင်းမြို့သို့ဈေးဝယ်ခြင်း၊ ဒေသထွက်ကုန်ပစ္စည်းများကို ရောင်းချလိုလျှင် စက်ဘီး၊ ခြေကျင်ခရီးဖြင့်သာ သွားလာခဲ့ကြရကြောင်း ၊ယခုလို သံကူကွန်ကရစ် တံတားဆောက်လုပ်ပြီးစီးခဲ့သဖြင့် ကျေးလက်နေ တိုင်းရင်းသားပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့အကျိုးကျေးဇူးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဘားအံမြို့နယ်၊ ဖားပေါင် ကျေးရွာရှိ ရာဘာခြံရှင် ဦးစောခေးဘလုက ပြောသည်။

 

လင်းသန့်(ပြန်/ဆက်)