ကမမောင်း ၂  မေ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ​မောင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ အုန်းတောစုအပိုင် အိမ်ခြေ(၆၅၀)စုနှင့် ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းတို့အတွက် အုန်းတောစုနေ စေတနာရှင် ဦးတင်စိုး(ခ)ဦးဖိုးစိုး နှင့် ဒေါ်နီလာသန်းမိသားစုတို့က မိဘ၊ ဆရာသမားတို့အား အမှူးထားပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ဆားတို့ကို ဧပြီလ(၂၈)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ အုပ်စုအပိုင်လိုက်ခွဲ၍ ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့နှင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးခဲ့သည်။

 

စေတနာရှင် ဦးတင်စိုး(ခ)ဦးဖိုးစိုးမိသားစုမှ အိမ်​ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ ကြက်သွန်နီ (၅၀)ကျပ်သား၊ ဆား (၂၅) ကျပ်သား၊ ဆီ(၅၀)ကျပ်သား၊ ဘုန်းကြီး​ကျောင်း(၁) ကျောင်းလျှင် ဆန်(၁၈)ပြည်ဝင် အိတ်(၁၅)လုံး၊ စားဆီ(၅)ပိဿာ ပုံး(၁)ပုံး၊ ကြက်သွန်နီ (၁၀)ပိဿာ စုစုပေါင်းငွေကျပ် သိန်း(၆၀)တန်ဖိုးရှိ အခြေခံစား သောက်ကုန်များကို လှူဒါန်းပေးခဲ့သည်။

 

အလှူရှင် ဦးတင်စိုး(ခ)ဦးဖိုးစိုးက "ဒီနှစ် မဟာသင်္ကြန်မကျမီ တရားပွဲနှင့် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူမင်္ဂလာပွဲပြုလုပ်ရန်ရည်ရွယ်၍ မိမိတို့မိသားစုက ငွေကြေးများစုဆောင်း ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မြန်ဗိုင်းရပ်စ် ရောဂါအန္တရာယ်ကြိုတင်ကာကွယ်ရေး အနေဖြင့် လူစုလူဝေးဖြစ်စေမည့် အလှူပွဲများ မပြုလုပ်ရန် နိုင်ငံတော်အစိုးရက လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည့်အတွက် အလှူမင်္ဂလာပွဲကို မလုပ်ဖြစ်တော့ကြောင်း၊ အလှူမင်္ဂလာပွဲ မပြုလုပ်ရပေမယ့်လည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါကြောင့် မိမိတို့ အုန်းတောအပိုင်စုမှ အိမ်ထောင်စုများမှာ အလုပ်အကိုင်နည်းပါးပြီး စားဝတ်နေရေး ကြပ်တည်းနေသည်ကို သိရှိရသည့်အတွက် အလှူမင်္ဂလာပွဲပြုလုပ် ရန်ရည်စူးပြီး စုဆောင်းထားသော ငွေများကို စားသောက်ရေးခက်ခဲနေကြ​သော အိမ်ထောင်စုများအတွက် ခွဲဝေလှူဒါန်းပေးရခြင်းဖြစ်ပါကြောင်း၊ ယခုလို အလှူပြုလုပ်ရသည့်အတွက် မိမိတို့မိသားစု အ​နေဖြင့်ဝမ်းသာပီတိအမှန်တကယ် ရရှိခဲ့ကြ​ကြောင်း ရှင်းပြခဲ့သည်။
    

လင်းသန့်(ပြန်/ဆက်)