ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်

ကမမောင်း ဒီဇင်ဘာ ၇

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းမှစတင်ကာ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။

 

ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အခြေခံပညာကျောင်းများအား ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ ပြန်လည်ကျဆင်းလာသည့်အပြင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်သည့်အတွက် ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းမှစ၍ ကမမောင်းမြို့ရှိ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။

 

ထို့သို့ ပညာသင်ကြားပေးလျက်ရှိရာ ပညာသင်ကြားရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းဝင်းအတွင်း မဝင်မီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျောင်းဝင်းအတွင်း ဝင်ရောက်စေခြင်း၊ လက်ဆေးဘေလ်စင်များ ထားရှိပေးကာ မကြာခဏ စက္ကန့်(၂၀)ကြာ စနစ်တကျ လက်ဆေးစေခြင်းနှင့် စာသင်ခန်းအတွင်း တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ နေထိုင်ကာ ပညာသင်ကြားစေခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

 

ကမမောင်းမြို့တွင် အခြေခံပညာကျောင်း (၁၈)ကျောင်းရှိရာ မူလတန်းကျောင်း (၂)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၃)ကျောင်း၊ အလယ်တန်းကျောင်း (၁)ကျောင်းနှင့် အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၉)ကျောင်းအား ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)