ကမမောင်း၊ စက်တင်ဘာ ၈

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် လူသေဆုံးမှု များရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာအပြင် စကောကရင်ဘာသာ​ဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီခွဲက မြို့အတွင်းရှိ အမှတ် (၄) ရပ်ကွက်၊ ကရင်စု၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ လှည့်လည်အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာ၌ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည် ဖြစ်ကြောင်း၊ မဖြစ်မနေ အိမ်ပြင်ပသို့ ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာရပ်ကွက်များ၏ နေအိမ်ပြင်ပထွက်ခွာသည့် လက်မှတ်ဖြင့် တစ်အိမ်ထောင်လျှင် မိသားစုဝင်တစ်ဦးသာ သွားလာကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များကို လက်မခံကြရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြပါရန်၊ အခြားသူများနှင့် အနည်းဆုံး (၆) ပေအကွာမှ ခပ်ခွာခွာ နေထိုင်ကြပါရန် (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို အိမ်အပြင်တွင် စွန့်ပစ်ပါ၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြပါရန်နှင့် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ပါကြောင်း၊ အကယ်၍ မိမိတို့၌ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက အိမ်တွင် ကြိတ်ပြီးဆေးကုသမှုမျိုး မပြုလုပ်ရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအနေဖြင့် ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

လင်းသန့် (ပြန်/ဆက်)

 

mdn