ကမမောင်း ၆ ဩဂုတ်
ကရင်ပြည်နယ်၊ ကမမောင်းမြို့၌ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း ရေအနက် ၂ ပေခွဲအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ်(၄)ရပ်ကွက်တွင် စိုက်ပျိုးပြီးစပါး (၆၀) ဧက၊ အမှတ်(၁) ရပ်ကွက်တွင် ၁၀ ဧက စုစုပေါင်း မိုးစပါးဧက ၇၀ ရေလွမ်းမှု ကြုံတွေ့နေရသည်။
မြို့ပေါ်ရပ်ကွက်အတွင်းမှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်းအား ခေတ္တပိတ်ထားရပြီး ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်းအပိုင်းရှိ မိထ္တီလာတံတားနှင့် ဆင်စွယ်ချောင်းကူးတံတားတို့မှာ ရေအနက် ၂ ပေခွဲခန့်ရှိနေသဖြင့် မော်တော်ယာဉ်ငယ်များ သွားလာမှုခက်ခဲသော်လည်း ရန်ကုန်-ဖာပွန် ယာဉ်လိုင်းပြေးဆွဲပေးနေသော မှန်လုံယာဉ်များမှာ နေ့စဉ်ပုံမှန် ပြေးဆွဲပေးနေလျက်ရှိကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)


