၁၀  မတ်

ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံများအဖွဲ့ဖြစ်တဲ့ အိုပက် (OPEC) နဲ့အတူ ပူးပေါင်းဆောင်ရွက်မှုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လူသိရှင်ကြားထောက်ခံခဲ့ဖူးတာမှန်ပေမယ့်လည်း လက်ရှိမှာ ရုရှားဟာ ရေနံထုတ်လုပ်မှုကို လျှော့ချဖို့ အရေးမှာတော့ ကြည်ကြည်ဖြူဖြူမရှိဘဲ တွန့်ဆုတ်ခဲ့တာကို အိုပက်အစည်းအဝေးမှာ တွေ့မြင်ခဲ့ရပါတယ်။

ရေနံဈေးထိုးကျ

ရေနံဈေးကွက်ကို တည်ငြိမ်အောင်ထိန်းထားဖို့အတွက် ရေနံစိမ်းထုတ်လုပ်မှုကို လျှော့ချဖို့ ရေနံအမြောက်အမြားထုတ်လုပ် ရောင်းချတဲ့နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကို ရုရှားက ထင်မှတ်မထားဘဲ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တယ်လို့ တချို့တွေက ဆိုနေကြပါတယ်။ ရုရှားရဲ့ ကန့်ကွက်မှုကြောင့်လား မဆိုနိုင်ပေမယ့် ရေနံဈေးဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မြန်ဆန်ဆန်ထိုးကျခဲ့ပါတယ်။

အိုပက်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ ဆော်ဒီအာရေဗျနဲ့ ရေနံအမြောက်အမြားတင်ပို့တဲ့ တခြားနိုင်ငံတွေက ၎င်းတို့ရဲ့ ရေနံထုတ်လုပ်မှုပမာဏကို နောက်ထပ်လျှော့ချပြီး တစ်ရက်မှာ ရေနံစည် ၁ ဒသမ ၅ သန်းအထိ ထုတ်လုပ်သွားဖို့ ပြီးခဲ့တဲ့ မတ် ၆ ရက်မှာ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးကိုခြိမ်းခြောက်

ကမ္ဘာ့နိုင်ငံတွေအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အရှိန်မြင့်နေမှုက ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေတဲ့အတွက် ရေနံဈေးကျဆင်းမှုကို ထိန်းထိန်းသိမ်းသိမ်းဖြစ်စေဖို့ အိုပက်အဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းခဲ့ကြတာပါ။ ဒါပေမယ့် ရေနံစိမ်းထုတ်လုပ်မှုကိုလျှော့ချရေး သဘောတူညီမှုရဖို့ဟာ ရုရှားရဲ့ ထောက်ခံချက်အပေါ်မှာလည်း မူတည်နေပါတယ်။

ဒီလိုအချိန်မှာ ရုရှားက တွန့်ဆုတ်ခဲ့ပြီး အဲဒီအစီအစဉ်ကို မထောက်ခံခဲ့တဲ့အတွက် ဗီယင်နာမှာ ပြုလုပ်ခဲ့တဲ့ နှစ်ရက်ကြာ အိုပက်အစည်းအဝေးဟာ ဘာသဘောတူညီချက်မှ မရလိုက်ဘဲ အဆုံးသတ်သွားခဲ့သလို ရေနံစိမ်းဈေးဟာလည်း ကျချင်တိုင်း ကျဆင်းခဲ့ပါတယ်။

သက်တမ်းတိုးဖို့ကြိုးစားနေ

ရုရှားရဲ့ လုပ်ဆောင်ချက်ဟာ တစ်ချိန်တည်းမှာ လူအမြောက်အမြားကို သတ်လိုက်တဲ့ ခေတ်ဟောင်းစတိုင် နည်းလမ်းတစ်ခုဖြစ်ပြီး ဒီကိစ္စမှာ ရုရှားကိုပဲ အပြစ်ပုံချစရာရှိတော့တယ်လို့ ပြည်ပရေးရာ အစီရင်ခံစာဌာနမှ စွမ်းအင်ဆိုင်ရာ တိုင်ပင်ဆွေးနွေးသူ ဒုတိယဥက္ကဋ္ဌ မက်ရိဒ်က ပြောကြားခဲ့ပါတယ်။ အိုပက်အဖွဲ့ အနေနဲ့ လက်ရှိမှာ ရေနံစိမ်းထုတ်လုပ်မှုကို ပိုမိုလျှော့ချသွားဖို့အပြင် ပြီးခဲ့တဲ့နှစ်က လုပ်ဆောင်ခဲ့ပြီး ယခုလကုန်မှာ သက်တမ်းကုန်ဆုံးမယ့် ရေနံအကြီးအကျယ်ထုတ်လုပ်မှု လျှော့ချရေးကိုပါဆက်ပြီး သက်တမ်းတိုးချဲ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အိုပက်အဖွဲ့ရဲ့ အစီအစဉ်တွေက အတော်လေးနေရာ ကျနေပြီလို့ ထင်မှတ်ရပေမယ့်လည်း ပြီးခဲ့တဲ့သောကြာနေ့မှာ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားပြီးနောက်မှာတော့ ယခင်လုပ်ဆောင်နေခဲ့တဲ့ ရေနံထုတ်လုပ်မှုလျှော့ချရေးဟာ ပုံမှန် အတိုင်း ဆက်လုပ်ဖြစ်နေဦးမလားဆိုတာတောင် မသေချာမရေရာတော့တဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။ ဒီကိစ္စက ရေနံ ဝယ်လိုအား အနည်းဆုံးအချိန်မှာ ဈေးကွက်ထဲကို ရေနံစည် များများ ထပ်ဖြည့်နိုင်မယ့် ရေနံထုတ်လုပ်မှုအတွက် ကပ်ဘေး တစ်ခုလို ဖြစ်လာနိုင်တယ်လို့ လေ့လာသူအချို့က သုံးသပ်လျက် ရှိပါတယ်။

ဆယ်စုနှစ်အတွင်း အဆိုးဆုံးကျဆင်းမှု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုက ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေကို ထိုးနှက်နေပြီဖြစ်တာကြောင့် ယခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ရေနံဝယ်လိုအားဟာ ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဆုံးကျဆင်းမှုဖြစ်လာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။ နယူးယောက်နဲ့ လန်ဒန်မြို့တွေမှာဆိုရင် ရေနံစိမ်းဈေးဟာ ရှစ်ရာခိုင်နှုန်းခန့်အထိ မြန်မြန်ဆန်ဆန် ထိုးကျ သွားခဲ့ပြီး ၂၀၁၇ ခုနှစ်ကတည်းက တစ်ကြိမ်တစ်ခါမှ မမြင်ရသေးတဲ့ ကျဆင်းမှုနှုန်းထားလည်း ဖြစ်ပါတယ်။

ဘတ်ဂျက်ထိလာနိုင်

အိုပက်အဖွဲ့နဲ့ ရုရှားတို့အကြား သုံးနှစ်ကြာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ပျက်ပြယ်သွားမှုက ရေနံဈေးကို ကျဆင်းသွားစေတာကလွဲလို့ တခြားဘာမှ ရှိမလာနိုင်ဘူးလို့ ကျွမ်းကျင်သူပညာရှင်အများစုက သုံးသပ်တွက်ချက်ခဲ့ပါတယ်။

ဒီကိစ္စကြောင့် ဗီယင်နာအစည်းအဝေးကနေ ထွက်ခွာလာခဲ့ပြီးနောက်မှာ ထိတ်လန့်တုန်လှုပ်နေကြတဲ့ ရေနံအကြီးအကျယ် ထုတ်လုပ်တဲ့နိုင်ငံတွေအဖို့ ဘတ်ဂျက်ငွေအများအပြားထိခိုက်မှုတွေ ဖြစ်လာတော့မယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်လာလိမ့်မယ်။ ပြီးတော့ အထူးသဖြင့် နုန်းကျောက်ကနေ ရေနံထုတ်လုပ်တဲ့ အမေရိကန် ရေနံထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ရေနံတွေကို ဈေးလျှော့ရောင်းဖို့ ကြိုးစားရလိမ့်မယ်လို့ စီးပွားရေးလေ့လာသူ တွေက ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

ဆုတ်ယုတ်မှုတစ်ခု

အိုပက်အစည်းအဝေး သဘောတူညီချက်မရဘဲ ပြီးဆုံး သွားခြင်းက ရေနံတင်ပို့နိုင်ငံတွေအတွက် ဆုတ်ယုတ်မှုတစ်ခုပါပဲ။ အိုပက်အဖွဲ့ဟာ ၂၀၁၆ ခုနှစ်ကတည်းက ရေနံဈေးနှုန်း မကျဆင်းအောင် ထိန်းထားဖို့ ရေနံရောင်းချမှုကို စီမံခန့်ခွဲ လာခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာတော့ အိုပက်အဖွဲ့ဟာ ရေနံထုတ်လုပ်မှု လျှော့ချရေးမှာ ပူးပေါင်းလုပ်ငန်းဆောင်ရွက်ဖို့ နဲ့ ရေနံစည်နည်းပါးလာမှုကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေး အရ ထိခိုက်နစ်နာမှုကို အတူတကွဖြေရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဆော်ဒီအာရေဗျပြီးရင် သုံးခုမြောက် ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်တဲ့ ရုရှားနဲ့ ပူးပေါင်းလိုက်ပါတယ်။

တခြားနိုင်ငံတွေ ပါဝင်လာဦးမလား

ရေနံတင်ပို့တဲ့ တခြားနိုင်ငံတွေအနေနဲ့ ရေနံထုတ်လုပ်မှုကို လျှော့ချဖို့စီစဉ်နေတဲ့ သဘောတူစာချုပ်မှာ ပူးပေါင်းပါဝင် ကြပါဦးမလားဆိုတဲ့ မေးခွန်းတွေနဲ့ အကယ်၍ ပူးပေါင်းပါဝင် လာမယ်ဆိုရင်တောင် အဲဒီပါဝင်မှုက ရေနံစိမ်းဈေးနှုန်းကို ထိန်းချုပ်ထားနိုင်ဖို့ လုံလောက်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါ့ မလားဆိုတဲ့ မေးခွန်းတွေကတော့ ထွက်ပေါ်ကျန်ရှိနေဆဲပါပဲ။

တစ်ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးကွက်ကို ထိန်းချုပ်ထားတာဟာ ရုရှားနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေဖြစ်ပြီး ရုရှားက ရေနံထုတ်လုပ်မှုကို လျှော့ချမယ့်ကိစ္စဟာ သိပ်ပြီး ကြီးလေးလွန်းတာကြောင့် အဲဒီလမ်းကို မလိုက်ချင်ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ စွမ်းအင်ဆိုင်ရာ တိုင်ပင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ရာပီဒန်စွမ်းအင်အဖွဲ့ ဥက္ကဋ္ဌဟော့မက်နယ်လီက ပြောခဲ့ပါတယ်။

ဆက်လက်ကျဆင်းဖွယ်ရှိ

ရေနံဈေးကျဆင်းမှုဟာ စတော့ဈေးကွက်မှာ ပွဲဦးထွက် နေရာယူထားတဲ့ ကမ္ဘာ့အကြီးဆုံးရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ ဆော်ဒီအာရမ်ကို ကုမ္ပဏီကိုလည်း အကဲစမ်းလာနိုင်ပါသေးတယ်။ ဆော်ဒီအာရမ်ကို ကုမ္ပဏီဟာ ၎င်းရဲ့ အကျိုးအမြတ် ပိုမိုရရှိရေးနဲ့ ရှယ်ယာဈေးကွက်ကိုမြှင့်တင်နိုင်ရေးအတွက် ရေနံဈေးပိုမိုကြီးမြင့်လာဖို့ မျှော်လင့်စောင့်စားနေတာ ဖြစ်ပါတယ်။

သောကြာနေ့မှာ ပျက်ပြယ်သွားတဲ့ အိုပက်အစည်းအဝေးအပြီးမှာ အမေရိကန် ရေနံစိမ်းဈေးဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၄၂ ဒေါ်လာအထိ ကျဆင်းသွားပြီး ဆက်လက်ကျဆင်းနေနိုင်သေးတယ်လို့ ဆိုပါတယ်။ သဘောတူညီမှုတစ်ခုရအောင် မဆောင်ကြဉ်းနိုင်ခဲ့တဲ့ အိုပက်အစည်းအဝေး အဆုံးသတ်သွားခြင်းရဲ့ နောက်ဆက်တွဲ အခြေအနေဟာ ထင်ထားတာထက်ပိုပြီး ဆိုးရွားမယ့်သဘော ရှိလာနိုင်တယ်လို့ မှန်းဆမိပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိမှာတော့ ရုရှားဟာ အိုပက်အဖွဲ့ အတွက်တော့ မဟာအနှောင့် အယှက်ကြီးတစ်ခုအဖြစ်နဲ့ ရှုမြင်ခံရလျက်ရှိပါတယ်။ ။

ကလျာမိုးမြင့်

ကိုးကား- သည်ဂါဒီယန်