ကော့သောင်း ၁၉ ဇွန်
ပရဟိတ လုပ်ငန်းများကို အစဉ်တစ်စိုက် ဆောင်ရွက်လျှက်ရှိသည့် လူငယ်များဖြင့် ဖွဲ့စည်းထားသော ကမ်းနီးအဖြူရောင် ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေး ကိစ္စများ တစ်စိတ်တစ်ဒေသ အဆင်ပြေကြစေရန် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများအား အခြေခံစားကုန်များတစ်ပိုင်တစ်နိုင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်း လျှက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ ချောင်းဝကျေးရွာပြည်သူများသို့ အခြေခံ စားကုန်များ လိုက်လံဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပရဟိတ အဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်း အရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုကာလ အစပိုင်းကတည်းက ဟင်းစားငါးများလှူဒါန်းခြင်း၊ အခြေခံ စားကုန်များ လှူဒါန်းခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အခြေခံလူတန်းစား အလွှာအတွင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ လှူဒါန်းမှု အဖြစ် ပင်လယ်ကမ်းနားရွာငယ်တစ်ရွာဖြစ်သည့် အိမ်ခြေ ၃၀ဝ ကျော်ခန့်ရှိ ချောင်းဝကျေးရွာ မိသားစုများသို့ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ကာ အခြေခံစားကုန် ဆန်၊ဆီ၊ကြက်သွန်နီ၊ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


