ကော့သောင်း  ၁၉  ဇူလိုင်

 

ကော့သောင်းမြို့ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ တစ်စိတ်တစ်ဒေသအဆင်ပြေကြစေရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား အခြေခံစားကုန်များတစ်ပိုင်တစ်နိုင် အိမ်တိုင်ယာရောက်လိုက်လံ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ပုလုံးတုံတုံး ကျေးရွာအုပ်စု၊ ခရူကျွန်း၊ ရွာသာယာကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ယင်းလှူဒါန်းမှုအဖြစ် ပင်လယ်ကျွန်းရွာငယ်တစ်ရွာဖြစ်သည့် အိမ်ခြေ၂၀၀ကျော်ခန့်ရှိ ခရူကျွန်း ရွာသာယာကျေးရွာပြည်သူများ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်ကာ အခြေခံစားကုန် ဆန်၊ ဆီ၊ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါပရဟိတ အဖွဲ့သည် ကော့သောင်းမြို့၏ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်း ကူညီမှုဖြင့် COVID-19 ရောဂါထိန်းချုပ်မှုကာလ အစပိုင်းကတည်းက ဟင်းစားငါးများလှူဒါန်းခြင်း၊ အခြေခံစားကုန်များ လှူဒါန်းခြင်းနှင့် ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အခြေခံလူတန်းစား အလွှာအတွင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

mdn