ကော့သောင်း ၁၈ မေ
ကော့သောင်းမြို့၊ ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေးကိစ္စများ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်တချို့မှ အခြေခံလူတန်းစားမိသားစုများ အခက်အခဲများ တစ်စိတ်တစ်ဒေသအဆင်ပြေစေရေး မေ ၁၈ ရက်နေ့ နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်ပြည်သူများအား ဟင်းစားငါးနှင့် နှာခေါင်းစည်းများ လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါပရဟိတ အဖွဲ့ဝင်များက ကော့သောင်းမြို့၏ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်းအရောင်းဆိုင်လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်းလှူဒါန်းကူညီမှုဖြင့် မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများမှ အခြေခံလူတန်းစားမိသားစုများ ရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးအသိ သတိဖြင့် နေထိုင်ကြရေး၊ မလိုအပ်ပါက အိမ်ပြင်သို့မထွက်ကြဘဲ မိမိအိမ်တွင်နေထိုင်ကြရေး၊ မဖြစ်မနေအပြင်ထွက်ပါကနှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြခြင်းဖြင့် ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန် လိုက်လံနှိုးဆော် အသိပညာပေးကာ နှာခေါင်းစည်းများအား လူတစ်ဦးခြင်းစီသို့ ဝေငှလှူဒါန်းပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


