ကော့သောင်း ၂၂ ဇွန်

 

ပရဟိတလုပ်ငန်းများကို အစဉ်တစ်စိုက် ဆောင်ရွက်လျက်ရှိသည့် လူငယ်များဖြင့် ဖွဲ့စည်းထားသော ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ CVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း စားသောက်ရေး ကိစ္စများ တစ်စိတ်တစ်ဒေသ အဆင်ပြေကြစေရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား အခြေခံစားကုန်များ တစ်ပိုင်တစ်နိုင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်း လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ဝဲကြီးကျေးရွာပြည်သူများသို့ အခြေခံစားကုန်များ လိုက်လံဖြန့်ဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ပရဟိတအဖွဲ့သည် ကော့သောင်းမြို့၏ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းကုမ္ပဏီများ၊ မိုဘိုင်းဖုန်းအရောင်းဆိုင် လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖအလှူရှင်များ ဝိုင်းဝန်းပူးပေါင်း လှူဒါန်းကူညီမှုဖြင့်  COVID-19 ရောဂါ ထိန်းချုပ်မှုကာလ အစပိုင်းကတည်းက ဟင်းစားငါးများလှူဒါန်းခြင်း၊ အခြေခံစားကုန်များ လှူဒါန်းခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် အခြေခံ လူတန်းစားအလွှာအတွင်း အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ ယနေ့လှူဒါန်းမှုအဖြစ် ပင်လယ်ကမ်းနား ရွာငယ်တစ်ရွာဖြစ်သည့် အိမ်ခြေ ၂၀ဝ ကျော်ခန့်ရှိ ဝဲကြီးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်အား အခြေခံစားကုန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျေးရွာအတွင်း အိမ်ထောင်စုများသို့ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့လှူ ဒါန်းပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)