ရန်ကုန် အောက်တိုဘာ ၂၉

ဒိန်းမတ်-မြန်မာစီမံကိန်းမှ ကမ်းနီးရေပြင်ငါးဖမ်းလုပ်ငန်း စစ်ဆေးရေးအတွက် ရေယာဉ်နှစ်စီးကို အောက်တိုဘာ ၂၄ ရက်က မြိတ်မြို့ ငါးချဆိပ်ကမ်းတွင် လွှဲပြောင်းပေး အပ်ခဲ့ရာ တိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက် ကမ်းနီးရေပြင်၌ တရားမဝင် ငါးဖမ်း ဆီးမှုလျော့နည်းစေရေးအတွက် နိုဝင်ဘာလမှစတင်၍ အဆိုပါ စစ်ဆေးရေး ရေယာဉ် နှစ်စီးဖြင့် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ်းနီးရေပြင်တစ်လျှောက်မှ ရေသယံဇာတကို ထုတ်ယူသုံးစွဲရာ၌ ငါးလုပ်ငန်း ဦးစီးဌာန၏ ကမ်းနီးငါးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်း ကမ်းများ သက်ရောက်မှုရှိ စေရေးနှင့် တရားမဝင်ငါးဖမ်းဆီးမှု လျော့နည်းစေခြင်းဖြင့် ငါးသယံဇာတတည်ရှိမှု ပြန်လည်တိုးပွားစေရန် ကမ်းနီးရေပြင်စစ်ဆေးခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ များနှင့် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရေကြောင်းရဲတပ်ဖွဲ့ပါမယ်၊ရေလုပ်သားအစုအဖွဲ့တွေနဲ့လုံခြုံရေးအခြေအနေပေါ်မူတည်ပြီးနိုဝင် ဘာလမှာကမ်းနီးရေပြင် စစ်ဆေးရေးကို စတင်ဆောင်ရွက်သွားမှာပါ။ ပထမဆုံး အကြိမ်ဖြစ်တာကြောင့်စီ မံကိန်းရေးဆွဲတင်ပြပြီး ဆောင်ရွက်သွားမှာပါ။ ငါးသယံဇာတ ရေရှည်တည်တံ့ပြီး စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်အောင် သားပေါက်ထိန်းသိမ်းရေးဟာ အရေးကြီးတာကြောင့် ငါးများကြီးထွားရှင်သန်နိုင်ဖို့အတွက် သတ်မှတ်ပိုက်တွေနဲ့ ဖမ်းဆီးမှု ရှိ/ မရှိကိုစစ်ဆေးသွားဖို့ရှိပါတယ်။ ရေယာဉ်နှစ်စီးနဲ့စစ်ဆေးဆောင်ရွက်မှုကို တိုင်းဒေသ ကြီးအစိုးရ အဖွဲ့ရန်ပုံငွေနဲ့ ဆောင်ရွက်သွားမှာပါ။ ကမ်းနီးဖြစ်စေ၊ ကမ်းဝေးဖြစ်စေ ရေ သယံဇာတတွေကို ဖမ်းဆီးရာမှာ ဥပဒေနဲ့အညီ ဖမ်းဆီးဖို့လိုပါတယ်။ ပင်လယ်ပြင်ရေ သယံဇာတ လျော့နည်းလာတဲ့ သဘောရှိတဲ့အတွက် ပြန်လည်ဖွံ့ဖြိုးဖို့ မွေးမြူရေးကဏ္ဍကို ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဆောင်ရွက် ပေးနေပါတယ်။ ဒါကြောင့် ကမ်းနီးရေပြင်ငါး/ပုစွန် ထိန်းသိန်းရေးဟာအရေးပါတဲ့အတွက် စည်းကမ်းလိုက် နာဖမ်းဆီးနေကြတဲ့ ဒေသခံရေလုပ်ငန်းတွေရဲ့ လူမှုစီးပွားဘဝကို အထောက်အပံ့ဖြစ်စေဖို့ ငါးသယံ ဇာတထိန်းသိမ်းရေးကို ရေယာဉ်နှစ်စီးနဲ့ စစ်ဆေးကြပ်မတ်သွားဖို့ရှိပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ညီတိုး က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ပင်လယ်ပြင်တွင် ပင်လယ်ပြင်ငါးမဖမ်းရသတ်မှတ် ကာလ ဧပြီလမှဇွန်လအထိ သုံးလကျော်လွန်ခဲ့ပြီး တားမြစ်ထားသော ကျောက်ပုစွန်၊ ကင်းပုစွန်မဖမ်းဆီးရကာလ လွန်မြောက်ခဲ့၍ ငါး/ပုစွန်ဖမ်း ရေယာဉ်များဖြင့် ကမ်းနီး၊ ကမ်းဝေးရေပြင်တို့တွင် ဖမ်းဆီးလျက်ရှိရာ သတ်မှတ်ကမ်းနီးရေပြင်ဧရိယာ၌ သတ်မှတ် ထားသော ပိုက်ကွက်ဖြင့် ဖမ်းဆီးမှုရှိ/မရှိကို  လည်းကောင်း၊ ကကူရန်၊ ကဏန်း ထိန်းသိမ်း ရေးဇုန်နှင့် ကော့သောင်းအနီးရှိ ငါးဖမ်းကွက် ခြောက်ကွက်တို့တွင်  တရားမဝင်ဖမ်းဆီးမှု မရှိစေရန်လည်းကောင်း စစ်ဆေးကြပ်မတ်လျက်ရှိသည်။ 

တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းနီးငါးဖမ်းရေယာဉ် ၈၀၀၀ ကျော်နှင့် ကမ်းဝေးငါး ဖမ်းရေယာဉ် ၁၄၀၀ ကျော်ရှိပြီး ပြည်ပပို့ကုန်အဖြစ် ငါး/ပုစွန်များ ကိုဖမ်းဆီးတင်ပို့ လျက် ရှိသည်။ မြိတ်ခရိုင် စခန်းသိမ်းကျေးရွာသို့ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးတို့ ရောက်ရှိစဉ် ထိုကျေးရွာ၌ သတ်မှတ်ထား သော ငါးဖမ်းပိုက်ကွက်ဖြင့် ဖမ်းဆီး၍ ရေသယံဇာတကို ထိန်းသိမ်းလျက်ရှိပြီး အခြား သော ကျေးရွာများက ကန့်သတ်ထားသော ပိုက်များဖြင့် ဖမ်းဆီးလျက်ရှိသည့်အတွက် စောင့် ကြည့်ထိန်းသိမ်းနိုင် ရေးအထောက်အပံ့အဖြစ်  ဒိန်းမတ်အစိုးရက ကမ်းနီးစစ်ဆေးရေး ရေယာဉ်နှစ်စီးကို ငါးလုပ်ငန်းဦးစီးဌာနသို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး
ညိမ်းသူ(သတင်းစဉ်)