အောင်ကြည်မိုး(စစ်တွေ)
ကမန်လူမျိုးသည် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားလူမျိုး ခုနစ်မျိုးထဲ၌ အပါအဝင်ဖြစ်သည်။ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲနှင့် စစ်တွေမြို့များ၌ နေထိုင်လျက်ရှိပြီး အများအားဖြင့် လယ်ယာလုပ်ငန်းနှင့် အသက်မွေးကြသည်။ ကမန်တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများစွာထဲ၌ မင်္ဂလာလက်ထပ်ပွဲက စိတ်ဝင်စားဖို့ကောင်းလှသည်။ ကမန်တိုင်းရင်းသားတို့၌ သားဖြစ်သူက မိမိကြိုက်နှက်သက်သူအား မိဘကို တောင်းရမ်းပေးဖို့ ကိုယ်တိုင် တိုက်ရိုက် အသိပေးကြသည့် ထုံးစံမရှိပါ။ ဖခင်ဖြစ်သူနှင့် ညီအစ်ကိုလိုခင်မင်ကြသည့် တစ်ယောက်ယောက်ကို ပြောပြရသည်။ “ကျွန်တော်သဘောကျနေသည့် မိန်းမပျို၏ မိဘများထံမှ တောင်းရမ်းပေးဖို့ ကျွန်တော်၏မိဘများအား တိုက်တွန်းပေးပါ” ဟုသတို့သား၏ ဖခင်သူငယ်ချင်းအား ဤသို့ပြောဆိုကြရသည်။ တောင်းရမ်းလာသူအား မိန်းကလေးဘက်မှ ငြင်းပိုင်ခွင့်ရှိပြီး မိဘများကလည်း မိမိတို့၏သမီးအား မချစ်မနှစ်သက်သောသူနှင့် အတင်းအကျပ်စီစဉ်ပေးသည့် ထုံးစံမရှိကြပါ။
မိမိတို့၏သားတောင်းဆိုချက်ကို မိဘများကလေ့လာကြပြီး သတို့သမီးလောင်းကို တောင်းဆိုနိုင်ရန် သတို့သမီး၏ မိဘများနှင့် တွေ့ဆုံကြပြီး စေ့စပ်ကြောင်းလမ်းနိုင်ဖို့ သဘောထားကို စုံစမ်းကြရသည်။ သမီးရှင်မိဘများက သမီးဖြစ်သူ၏ သဘောထားကို မေးမြန်းပြီး နှစ်သက်လက်ခံပါလျှင် စေ့စပ်ကြောင်းလမ်းပွဲကို ဆောင်ရွက်ကြသည်။
စေ့စပ်ကြောင်းလမ်းပွဲအား တစ်ရွာလုံးကို အသိပေးရပြီး သတို့သမီးအိမ်သို့ ကွမ်းပွဲဖြင့် သွားရသည်။ လူကြီးစုံရာရှေ့၌ သတို့သားဖခင်နှင့် မိခင်တို့က သမီးရှင်အား အသွင်းလက်ဖွဲ့ပေးပြီး စေ့စပ်ကြခြင်းဖြစ်သည်။ စေ့စပ်ပွဲ ပြီးမြောက်အောင်မြင်သွားလျှင် နေ့ကောင်းရက်သာ ရွေးရသလို မင်္ဂလာမြောက်ပွဲ ကျင်းပနိုင်ဖို့ သတို့သားနှင့် သတို့သမီးတို့၏ နေ့နံရက်သားနှင့် ကိုက်ညီမည့် သတို့သား အရံနှင့် သတို့သမီးအရံ အပျို၊ လူပျိုများကို တစ်ခါတည်း ရွေးချယ်သတ်မှတ်ကြသည်။
ကမန်တိုင်းရင်းသားတို့၏ မင်္ဂလာလက်ထပ်ပွဲကို သုံးရက် ကျင်းပကြသည်။ မင်္ဂလာပွဲအကြိုနေ့၌ အသံချဲ့စက်၊ ဆောင်းဘောက်(စ်)များဖွင့်ကာ ကြိုတင် လုပ်ဆောင်ရမည့် အစီအစဉ်များကို ရွာသားများက ဝိုင်းဝန်းလုပ်ဆောင်ပေးကြပြီး ပျော်ပျော်ပါးပါး သီဆိုကခုန်ကြသည်။ ဒုတိယနေ့၌ မင်္ဂလာသတို့သားနှင့် သတို့သမီးအိမ်များသို့ လာရောက်ကြသည့် ဆွေမျိုးဧည့်ပရိသတ်များအား နှစ်ဦးစလုံးအိမ်၌ အသီးသီးဧည့်ခံကျွေးမွေးကြရ၏။ အပျိုရံ၊ လူပျိုရံများက သတို့သားနှင့် သတို့သမီးတို့ကို ရေချိုးဖို့ သန့်စင်သည့်ရေကို ခပ်ပေးကြရသည်။ သတို့သားနှင့် သတို့သမီး ရေချိုးဖို့ ရေကန်သို့ ရေခပ်သွားကြရာ၌ ယောကျာ်း တစ်ဦးက ဓားကိုကိုင်ဆောင်ယူလာပြီး သတို့သားနှင့်သတို့သမီးတို့ ရေချိုးဖို့ရေခပ်မည့် ရေကန်အား ဓားဖြင့် ခုနစ်ချက်ခုတ်ပြီးမှ အပျိုရံ၊ လူပျိုရံများက ရေအိုး ခုနစ်လုံး၊ ငါးလုံး စသည်ဖြင့် ခပ်ယူသယ်ဆောင်လာကာ သတို့သား နှင့် သတို့သမီးတို့အား ၎င်းတို့၏အိမ်၌ ရေချိုးပေးကြသည်။ သတို့သားနှင့်သတို့သမီးတို့ ရေချိုးကြမည့် ရေကို ဓားနှင့်ခွဲခြင်းမှာ ရေကို မည်သည့်အရာနှင့်ခုတ်ခုတ် ကွဲမသွားခြင်းကြောင့် လက်ထပ်ကြမည့် သတို့သားနှင့် သတို့သမီးတို့ကွဲမသွားကြဘဲ ရိုးမြေကျသက်ဆုံးတိုင် ပေါင်းစည်းနိုင်ကြဖို့ ရည်ရွယ်ခြင်း ဖြစ်သည်။
သတို့သားနှင့်သတို့သမီးတို့ ရေချိုးပြီး ဝတ်ကောင်းစားလှပြင်ဆင်ပြီးနောက် ညနေပိုင်းအချိန်တွင် လက်ထပ်မင်္ဂလာပွဲကျင်းပမည့် သတို့သမီး၏ နေအိမ်သို့ သတို့သား မိဘဆွေမျိုးများနှင့် ရွာသူ ရွာသားများက သတို့သား၏ အသုံးအဆောင်ပစ္စည်းများကို တစ်ပါတည်း ယူဆောင်လာကြပြီး အတီးအမှုတ်အကအခုန်များဖြင့် သွားကြလေသည်။
ညနေပိုင်း သတို့သမီး၏ အိမ်သို့ သတို့သားသွားရာ၌ သတို့သားက ယပ်တောင်နှင့် ဓားတစ်ချောင်းကို ကိုင်ဆောင်သွားရပါသည်။ ကြံပင်၏ အညွန့်ကို ကိုင်ဆောင်မည့် သတို့သားအရံတစ်ယောက်၊ မင်္ဂလာဆန်ကော နှင့် ဆီမီးကို ကိုင်ဆောင်မည့် သတို့သားအရံတစ်ယောက်၊ ကွမ်းအုပ်နှင့် ပန်းအုပ်ကိုင်ဆောင်မည့် အပျိုမိန်းကလေးနှစ်ယောက် အိပ်ရာလိပ်ကိုင်ဆောင်မည့် သတို့သားအရံတစ်ယောက် စသည်ဖြင့်ပါဝင်ရသည်။
မင်္ဂလာဆန်ကောထဲ၌ သပြေညွန့်နှင့် ရေစင်မြက်အညွန့် ထိုးစိုက်ထားသည့် ရေချမ်းအိုးငယ်နှင့် ဆီမီးခွက်တစ်ခွက် ပါရှိရသည်။ ဆန်ပေါက်ပေါက်၊ ကြိုးနှင့် ပူးချည်ထားသည့် ငှက်ပျောသီးနှစ်လုံးနှင့် ကြိုးနှင့်စည်းထားသည့်ကွမ်းယာတို့ကို မင်္ဂလာဆန်ကောထဲ၌ ထည့်ထားကြသည်။ စေ့စပ်ကြောင်းလမ်းခဲ့ချိန်က သတို့သားမိဘနှင့် သတို့သမီးမိဘများ ကတိကဝတ်ပြုထားကြသည့်အတိုင်း ရွှေနှင့်အသွင်း ပစ္စည်းများကို ရပ်ရွာရှိလူကြီးများရှေ့၌ ပေးဆောင်ကြပြီး ကွမ်းတင်ပွဲဟု ခေါ်ကြသည်။ မင်္ဂလာကွမ်းတင်ပွဲ ပြုလုပ်ကြပြီးနောက် သတို့သား မိမိအိမ်သို့ ပြန်သွားလေသည်။
ကွမ်းအုပ်ထဲ၌ ကွမ်းရွက်နှင့် ကွမ်းသီး၊ ပန်းအုပ်ထဲ၌ ပန်းမျိုးစုံ အုန်းဆီနှင့် ခေါင်းဘီးတို့ ထည့်ထားရ၏။ ပန်းအုပ်ထဲ၌ ပန်းမျိုးစုံထည့်ထားခြင်းမှာ မင်္ဂလာမြောက်ပွဲ၌ သတို့သမီး အလှဆင်ရန်အတွက် ဖြစ်သည်။ ကွမ်းတင်ပွဲပြုလုပ်ပြီး ညနေပိုင်းကစပြီး သတို့သမီး၏အိမ်၌ သူငယ်ချင်း အပျိုများက ညဉ့်နက်သည်အထိ သမီးစောင့် အဖော်လုပ်ပြီး နေပေးကြသည်။ အပျိုများက သမီးစောင့်ရင်း မင်္ဂလာအခမ်းအနားမှာ မပါမဖြစ်ပါရှိရမည့် မင်္ဂလာဆန်ကောမှာ ထည့်သွင်းရမည့် မုန့်နှင့် ပေါက်ပေါက်တို့ကို ကူညီဆောင်ရွက်ပေးကြသည်။
မင်္ဂလာနေ့ သုံးရက်မြောက်၌ မင်္ဂလာလက်ထပ်ပွဲပြုလုပ်ကြသည်။ နေထွက်ချိန်၊ ရေတက်ချိန်၌ မင်္ဂလာ မြောက်လေ့ရှိကြသည်။ မင်္ဂလာမြောက်ခြင်းဆိုသည်မှာ မင်္ဂလာဦးဇနီးမောင်နှံ ကြီးပွားချမ်းသာစေဖို့ မင်္ဂလာဆန်ကောထဲ၌ ဆီမီးထွန်းပြီး ဆုတောင်းပေးခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်။ သတို့သားအနေဖြင့် သတို့သမီးအိမ်သို့ မင်္ဂလာမြောက်ဖို့၊ မင်္ဂလာပွဲပြုလုပ်ဖို့ သွားကြသည့်အခါ သတို့သမီး၏ ညီမအငယ် တစ်ယောက်ယောက်က ခြေဆေးပေးရသည်။ သတို့သားက ခြေဆေးခပေးရ၏။
လက်ထပ်မင်္ဂလာပွဲ ပြုလုပ်မည့် မဏ္ဍပ်ထဲ၌ သတို့သားနှင့် ဧည့်ပရိသတ်များ နေရာယူထိုင်နေကြချိန် သတို့သား မိသားစုမှ ယူဆောင်လာကြသည့် ပန်းအုပ်ထဲမှ ပန်းများဖြင့် သတို့သမီးအား ဖီးလိမ်းပြင်ဆင်ပေးကြသည်။ ကွမ်းအုပ်ထဲ၌ ယူဆောင်လာသော ကွမ်းများဖြင့် မဏ္ဍပ်ထဲရှိ ဧည့်ပရိသတ်များအား တည်ခင်းဧည့်ခံသည်။ သတို့သမီးအား ဖြီးလိမ်းပြင်ဆင်ပြီးနောက် မယားဦး၊ သားဦးရှိသူ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဦးက မင်္ဂလာမြောက် လက်ထပ်ပေးသည်။ မင်္ဂလာမြောက်ချိန်၌ မင်္ဂလာမြောက်သီချင်းများကို သီဆိုကြပြီး လက်ထပ်ပေးပြီးနောက် မင်္ဂလာပွဲအစီအစဉ်များ အားလုံးပြီးဆုံးခြင်း ဖြစ်သည်။
သို့ပါသော်လည်း လက်ထပ်ပွဲပြီးနောက် သုံးရက်နှင့်ခုနစ်ရက်ကြား တစ်ရက်ရက်၌ သတို့သားနှင့် သတို့သမီးတို့က ဆွေမျိုးများကို ထမင်းဖိတ်ကျွေးမွေးကြပြီး နောက်ဆွေမျိုးများအိမ်သို့ အရိုအသေပြုဖို့ သွားကြသည်။ အရိုအသေပြုဖို့ ရောက်လာချိန် ဆွေမျိုးများက လက်ဆောင်ပစ္စည်းများ ပေးကမ်းကြ၏။ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်ချိန်၌ လက်ဖွဲ့၊ လက်ဆောင်ပစ္စည်း ပေးလေ့မရှိကြ။ မင်္ဂလာ လက်ထပ်ပွဲအား ဝါတွင်းကာလ၊ တန်ခူးလ၊ နတ်တော်လနှင့်ပြာသိုလတို့၌ ပြုလုပ်ကျင်းပလေ့ မရှိကြဘဲ တန်ဆောင်မုန်း လ၊ တပို့တွဲလ၊ တပေါင်းလ၊ ကဆုန်လနှင့် နယုန်လတို့တွင်သာ ပြုလုပ်လေ့ရှိကြပါသည်။
ကြေးမုံ