မြိတ် မေ ၉

 

မြန်မာကမ်းရိုးတန်း ဒေသ(၅)ခုတွင် မေလတစ်လကို ကင်းမွန်ငါးဖမ်းလှေများအား ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဧပြီလအကုန်အထိ ဖမ်းဆီးခွင့်ပြုရန် မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တင်ပြလာခြင်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ပြန်လည်သုံးသပ်ပြီး မေလတစ်လကို ကင်းမွန်ငါးဖမ်းလှေများအား ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မေလ ၂ ရက်နေ့မှာ ခွင့်ပြုချက်စာထွက်လာပါတယ်။ မေလတစ်လတည်းကိုတော့ ဖမ်းဆီးခွင့်ပြုပါတယ်။ မေလကုန်ရင် မိုးရာသီရောက်ပြီဆိုတော့ ကျွန်တော်တို့လည်း လုပ်ငန်းသိမ်းပါပြီ၊ ကင်းမွန်လှေတစ်ချို့ကတော့ ဖမ်းဆီးခွင့်ရပေမယ့် လုပ်ငန်းသိမ်းလိုက်ပါပြီ။ ပင်လယ်ပြင်ထဲမှာ ရာသီဥတုအခြေအနေတွေကြောင့် တစ်ချို့လည်း မေလထဲမှာ လုပ်ငန်းသိမ်းလိုက်ပါတယ်။ လှေတစ်ချို့တော့ ပင်လယ်ပြင်ကို ထွက်ခွာကြလိမ့်မယ်။ ကျွန်တော်တို့ ကင်းမွန်လှေတွေက ဧပြီလမှာ လုပ်ငန်းလုပ်ခွင့် မရခဲ့ဘူး။ အဲဒါကြောင့် မေလတစ်လ ပြန်လည်ခွင့်ပြုပေးခဲ့တယ်” ဟု မြိတ်ခရိုင် ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

 

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရရာသီတွင် အကျုံးဝင်သည့် ဧပြီလတွင် ကင်းမွန်ငါးဖမ်းလှေများအား ဖမ်းဆီးခွင့်ပိတ်ပင်ထားပြီး ယခုမေလတစ်လအား ခွင့်ပြုခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက မေ ၂ ရက် ရက်စွဲဖြင့် ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ အလုပ်အကိုင်ရရှိရေး၊ နိုင်ငံခြားငွေရရှိရေး၊ လုပ်ငန်းရှင်များ၏အခက်အခဲ ပြေလည်ရေးတို့အတွက် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ ၅ ခုတွင် ပိတ်ပင်ထားခြင်းအား ဖြေလျော့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေပြုလုပ်ကိုင်နေသော ကင်းမွန်ငါးဖမ်းလှေများအား မေလတစ်လကို ငါးဖမ်းဆီးခွင့် ပြန်လည်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဧပြီလမတိုင်ခင်က ကင်းမွန်တစ်ဗန်း (၁၁)ပိဿာဝင်ကို ငွေကျပ်(၂)သိန်းကျော်အထိ ရခဲ့ပါတယ်။ ယခုမေလမှာတော့ ဘယ်စျေးပေါက်မလဲ မသိသေးဘူး။ အခုနောက်ပိုင်းမှာ ထိုင်းစျေးကွက်ကိုပဲ အဓိကအားထားနေရပါတယ်။ ထိုင်းနိုင်ငံက ရနှောင်း၊ ပရာကျွတ်၊ ကန်ချနာဘူရီ စတဲ့နယ်စပ်တွေကို တင်ပို့ပေးနေရပါတယ်။ လောင်စာဆီစျေးနှုန်း၊ ရေခဲစျေးနှုန်းတွေနဲ့ အထွက်စားရိတ်တွေ ကြီးနေတယ်။ ကင်းမွန်စျေးကောင်းရင်တော့ တွက်ချေကိုက်ပါတယ်။ ယခုမေလတစ်လတော့ အခြေအနေ ဘယ်လိုရှိမလဲတော့ မသိသေးပါဘူး” ဟု ကင်းမွန်လှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

 

ငါးလုပ်ငန်းဦးစီးဌာနမှ မြန်မာ့ပင်လယ်ပြင်အတွင်း ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၃ လတာကာလကို ငါးမဖမ်းဆီးရရာသီ (Closed Season)၊ ငါးမဖမ်းဆီးရဧရိယာ (Closed Area) အဖြစ် သတ်မှတ်ကာ ပိတ်ပင်ထားကြောင်းနှင့် ကင်းမွန်ငါးဖမ်းလှေများသည် ပွင့်လင်းရာသီများတွင်သာ လုပ်ငန်းလုပ်ကိုင်ကြပြီး မိုးရာသီတွင် လုပ်ငန်းရပ်နားလေ့ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)