မောင်သာယာ
ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းဒေသများတွင်နေထိုင်ကြသည့်ဒေသခံများသည် ကမ်းခြေတိုက်စားမှုကို လျှော့ချနိုင်ရန်အတွက် အုန်းသီးမှရရှိသော ပစ္စည်းများကို အသုံးပြုနေကြပြီဖြစ်သည်။
အုန်းဆံမျှင် အုန်းဆံခွံဟုသိထားကြသည့် အုန်းသီး၏အပြင်ဘက်ခွံမှ အပိုင်းအစရှည်များကို အတားအဆီးများတည်ဆောက်ရာတွင် အခြားအရာများနှင့်ရောနှော၍ အသုံးပြုလျက်ရှိကြသည်။ လှိုင်းလုံးကြီးများကြောင့် ကမ်းခြေများ မျောပါ ပျက်စီးခြင်းမှကာကွယ်ရန် အတားအဆီးများကို တည်ဆောက်ကြသည်။ အုန်းသီးများကို အလွယ် တကူပေါပေါများများရနိုင်ပြီး သစ်သား၊ သံမဏိ သို့မဟုတ် ကွန်ကရစ်ကဲ့သို့သော အခြားပစ္စည်းများ ဖြင့်တည်ဆောက်ရသည့် အတားအဆီးများထက် ကုန်ကျစရိတ် များစွာသက်သာသည်။
အုန်းဆံမျှင်များကို အဆင့်ဆင့်ပြုပြင်ပြီး ပိုမိုကြီးမားသောအပိုင်းများဖြစ်အောင် ပေါင်းစပ်ထား သည်။ ထိုအပိုင်းများကို ပိုက်ကွန်သဘောမျိုးဖြင့် ချုပ်ဆွဲထားလိုက်သည်။ ငါးဖမ်းပိုက်အဟောင်းများ ကိုလည်း အသုံးပြုနိုင်သည်။
အချို့သော ကမ်းရိုးတန်းထိန်းသိမ်းရေး စီမံကိန်းများတွင် မာကျောသောပစ္စည်းများထက် သဘာဝ ဒြပ်စင်များဖြင့် ပြုလုပ်ထားသည့် ရှင်သန် နေသော ကမ်းရိုးတန်းများဖြစ်အောင် ဖန်တီးထား ကြသည်။ ယင်းသို့ဖန်တီးထားမှုကို အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် နက်ပကျွန်းမြို့နယ်ရှိ ရေတိုက် စားခံရသည့် မြစ်ကမ်းပါးတစ်လျှောက်တွင် တည်ဆောက်လျက်ရှိသည်။ ဒေါ်လာ ၁ ဒသမ ၃ သန်းကုန်ကျမည့် အဆိုပါစီမံကိန်းကို ကမ်းရိုးတန်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော အမေရိကန် ကမ်းခြေဒေသဆိုင်ရာ လူ့အဖွဲ့အစည်း က ဗဟိုအစိုးရနှင့် ပြည်တွင်းငွေများရောနှောကာ ငွေကြေးထောက်ပံ့ပေးလျက်ရှိသည်။
ယင်းသို့ ကြိုးပမ်းတည်ဆောက်ခဲ့မှုကြောင့် ၂၀၁၂ ခုနှစ်တွင် စူပါမုန်တိုင်း စန္ဒီတိုက်ခတ်စဉ်အတွင်း ဆိုးဆိုးရွားရွားပျက်စီးခဲ့သည့် ဧရိယာများသည် ယခုအခါများစွာတိုးတက်ကောင်းမွန်လာနေပြီ ဖြစ်သည်။
‘‘လှိုင်းရိုက်ခတ်လို့ ကမ်းရိုးတန်းတွေပျက်စီးဆုံးရှုံးရတာတွေ လျှော့ချဖို့ ကျွန်တော်တို့ အမြဲ ကြိုးစားနေပါတယ်။ နောက်ပြီး တတ်နိုင်သမျှ သဘာဝအခြေခံဖြေရှင်းနည်းတွေကို အသုံးပြုရတာ ကိုလည်း နှစ်သက်ပါတယ်” ဟု ကမ်းရိုးတန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အကြီးအကဲ တင်ဒီလီယံဟမ်းက ပြောကြားသည်။
အုန်းသီးကို အခြေခံပြုလုပ်ထားသည့် အုန်းဆံတံတိုင်း အတားအဆီးများသည် အချိန်ကြာလာ သည်နှင့်အမျှ အန္တရာယ်မရှိဘဲ သဘာဝအတိုင်း ဆွေးမြည့်ပျက်စီးသွားစေရန် ဖန်တီးပြုလုပ်ထား ခြင်းဖြစ်သည်။ သို့သော်လည်း အုန်းဆံတံတိုင်းကို မပြုလုပ်မီ ကမ်းစပ်ရှိအပင်များနှင့် မြက်များကို အသုံးပြုလိုပါက ကြိုတင်အစေ့ထုတ်ထားရမည် ဖြစ်သည်။ ထိုအပင်များကို အုန်းဆံတံတိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော နေရာများတွင်လည်း ထည့်ထားနိုင်သည်။
ဘော်စတွန်မြို့တွင်လည်း အုန်းဆံတံတိုင်း စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ အဆိုပါစီမံကိန်းတွင် နော့အိစတန်းတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဂျူလီယာ ဟော့ကင်းစ်သည် အုန်းဆံများ၊ သစ်သား ပြားများနှင့် အခြားပစ္စည်းများကို အသုံးပြု၍ လှိုင်းများ၏ အင်အားကို နှေးကွေးစေရန် ရေပေါ် အတားအဆီးတစ်ခုကို တည်ဆောက်လျက်ရှိသည်။
စမ်းသပ်စီမံကိန်းတစ်ခုတွင် ဘော်စတွန်မြို့ အနီးတစ်ဝိုက်ရှိ ရေလမ်းကြောင်းများတွင် အုန်းဆံ တံတိုင်းလေးခု ရှိသည်။ ဂျူလီယာသည် ပိုမိုကျယ်ပြန့်သော ကမ်းရိုးတန်းဧရိယာများကို ကာကွယ်သွားရန် ဆန္ဒရှိနေသကဲ့သို့ ယခုအချိန်ထိ သူမြင်နေရသောရလဒ်များကိုလည်း ကျေနပ်နေ သည်။ အုန်းဆံတံတိုင်းများသည် ငွေကြေးအကုန် အကျမရှိကြောင်းနှင့် စွန့်ပစ်လိုက်ရမည့်အရာများ ကို အမှန်တကယ်အကျိုးရှိရှိ ပြန်လည်အသုံးပြုခြင်း ဖြစ်ကြောင်း သူကပြောကြားသည်။
အိစ်ပရိုဗီဒန့်မြို့ ရော့ဒ်ကျွန်းရှိ စီမံကိန်းနှစ်ခု သည် ၂၀၂၀ ပြည့်နှစ်တွင် အုန်းသီးကို အခြေခံအသုံး ပြုခဲ့သည်။ နောက်နှစ်တွင် နယူးယောက်၏ ဂျမေကာ ပင်လယ်အော်ရှိ ပျက်စီးနေသော ကမ်းရိုးတန်း ၇၃၁ မီတာကို အုန်းဆံမျှင်များပါဝင်သော စီမံကိန်းမှ တစ်ဆင့် ကာကွယ်တားဆီးနိုင်ခဲ့သည်။ အလားတူ စီမံကိန်းများကို ဒီလာဝဲလ်ပြည်နယ်နှင့် တက္ကဆက် ပြည်နယ်တို့တွင်လည်း ပြုလုပ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အုန်းသီး ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁၇ သန်းကျော် ထုတ်လုပ်နိုင် ခဲ့သည်။ ဘန်ဒေါင်းနည်းပညာတက္ကသိုလ်မှ အဏ္ဏဝါ ဗေဒသိပ္ပံပညာရှင်များက အနောက်ဂျာဗားရှိ ရွာတစ်ရွာ၌ ၂၀၁၈ ခုနှစ်တွင် ပင်လယ်တံတိုင်း တည်ဆောက်ရာတွင် အုန်းဆံခွံ အုန်းဆံမျှင်များကို အသုံးပြုခဲ့ကြသည်။
အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဆီနီဂေါနိုင်ငံတောင်ပိုင်း ဒိုင်းအို့ကျွန်းပေါ်ရှိ ဒေသခံပြည်သူများ သည်လည်း ပျက်စီးနေသောကမ်းခြေများကို ပြန်လည်ပြုပြင်ရန်အတွက် သစ်သားများနှင့် အုန်းဆံခွံ အုန်းဆံမျှင်များကို အသုံးပြုလျက် ရှိကြသည်။
သို့သော်လည်း အုန်းဆံခွံ အုန်းဆံမျှင်များဖြင့် ပြုလုပ်သည့် အတားအဆီးများသည် အမြဲတမ်း အလုပ်ဖြစ်နေသည်မဟုတ်ပါ။ ၂၀၁၆ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်ရှိ ဖီးလဇ်နက်ခ် တောရိုင်းတိရစ္ဆာန်များ ခိုလှုံသည့်နေရာ၌ ရေတိုက်စားခဲ့သော ဆားငန်ရေတစ်ဝိုက်တွင် အတားအဆီး များ တည်ဆောက်ခဲ့သည်။ ရေတိုက်စားမှုကို လျှော့ချရန် ကြိုးစားခဲ့သော်လည်း ပြင်းထန်သည့် လှိုင်လုံးများကြောင့် ကြာရှည်မခံဘဲ ပျက်စီးခဲ့ရသည်။
ဆူဇန် ဘဲလ်လင့်ကမ်ပီသည် ဖီးလဇ်နက်ခ် တောရိုင်းတိရစ္ဆာန်များ ခိုလှုံရေးစခန်း၏ အကြီးအကဲ တစ်ဦးဖြစ်သည်။ “ဒီစီမံကိန်းက ဘာလုပ်ချင်သလဲ၊ ဘယ်လိုပုံစံနဲ့ လိုက်လျောညီထွေ ဖြစ်အောင်လုပ်မလဲဆိုပြီး တကယ်ကို စိတ်ဝင်စား ဖို့ကောင်းပါတယ်။ အုန်းဆံခွံနဲ့ အတားအဆီး တည်ဆောက်ရတာ အချို့နေရာတွေမှာတော့ အလုပ်ဖြစ်ပါတယ်။ အချို့နေရာတွေမှာတော့ အလုပ်မဖြစ်ပါဘူး” ဟု သူကပြောကြားသည်။ အလားတူပင် ကနေဒါနိုင်ငံရှိ ကျွန်းတစ်ကျွန်းတွင် မကြားသေးမီက အုန်းဆံခွံများကို အသုံးပြုပြီး အတားအဆီးတစ်ခု တည်ဆောက်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ပျက်စီးခဲ့ရသည်။
ကိုးကား - Material from Coconuts Helps Protect Coastal Areas ကို ဘာသာ ပြန်သည်။