ရန်ကုန် ၆ ဧပြီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအောက်ရှိ ကမ်းရိုးတန်းသွား ရေယာဉ်များနှင့် မြစ်ဝကျွန်းပေါ်ရေယာဉ်များ ပြေးဆွဲမှုကို မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၂၀ ရက်အထိ ယာယီရပ်နားသွားမည်ဖြစ်ပြီး မဟာသင်္ကြန်ပြီးပါက သတ်မှတ်ရက်အလိုက် ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။
"ရန်ကုန်တိုင်းအတွင်းက ဒလ၊ ခနောင်တို ပြေးဆွဲနေတဲ့ ရေယာဉ်တွေကို ခေါက်ရေလျှော့ဆွဲရမည့်အပြင် ဧရာဝတီတိုင်းမှ ကျုံမငေး၊ ရန်ကုန်-ကြာကန် သင်္ဘောလိုင်းတွေကို ဧပြီ ၁၀ ရက်မှစ၍ ယာယီရပ်နားကာ သင်္ကြန်ပြီးမှ ပြေးဆွဲဖို့ စာထုတ်ထားပါတယ်" ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်က ပြောသည်။
"ကျွန်တော်တို့ ဧပြီ ၁၀ ရက်မှ ၂၀ ရက်အထိ ပိတ်ပါတယ်။ ဧပြီ ၉ ရက်နေ့ ညနေ နောက်ဆုံးသင်္ဘောတွေ ထွက်ပါမယ်။ ၁၀ ရက်နေ့ကျရင် ထွက်လို့မရတော့ဘူး။ အရင်က ၁၀ ရက် ၁၂ ရက်ထွက်တယ်။ သင်္ကြန်အကြိုနေ့ဆို လူများတယ်။ သင်္ကြန်အတွင်းက အကျနေ့ဆိုလူမရှိတော့ သင်္ဘောလည်း မထွက်တော့ဘူး။ ဈေးဝယ်သူနဲ့ ကျန်းမာရေးအတွက် ဆေးဝယ်သူပဲ အပြင်ထွက်လို့ရမယ်။ အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့ပြီးပြီ။ ဒီရုံးကိုလည်း ၉ ရက်နေ့ ညနေဆို ပိတ်ပြီ" ဟု ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သူ က ပြောသည်။
မြစ်ဝကျွန်းပေါ်သင်္ဘောလိုင်းများမှာ ရန်ကုန်မြို့နှင့် ပုသိမ်၊ ဖျာပုံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ကျုံမငေးမြို့များသို့ ပြေးဆွဲသည့် သင်္ဘောလိုင်းများဖြစ်ကြသည်။ အလားတူ ကမ်းရိုးတန်းကုန်တင်ရေယာဉ် လိုင်းများဖြစ်သည့် ရန်ကုန်မြို့နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ကျောက်ဖြူ၊ စစ်တွေမြို့များသို့ ပြေးဆွဲနေသည့် သင်္ဘောလိုင်းများကိုလည်း မဟာသင်္ကြန်ရုံးပိတ်ရက်များတွင် ယာယီရပ်နားမည်ဖြစ်ကြောင်း သိရသည်။
ကိုသန့်ဇင်ဝင်း


