ကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းသို့ တင်ပို့လျက်ရှိ

ရန်ကုန် ဇွန် ၁၀

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ ကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့် ရနောင်းသို့ တင်ပို့မှုရှိနေကြောင်း မြိတ်မြို့နယ်ရှိ ကွမ်းသီးရောင်းဝယ်ရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

လက်ရှိ အနေအထားတွင် ဘုတ်ပြင်းမြို့ဘက်မှထွက်သော ကွမ်းသီးများကိုလည်း ကော့သောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံဘက် ပေးပို့နေကြောင်း သိရသည်။

" လက်ရှိမှာက ဘုတ်ပြင်းဘက်က ကွမ်းသီး တော်တော်များမျာ ကော့သောင်းကနေ ပြန်ဆင်းနေတယ်။ ကွမ်းသီးက ခါတိုင်းဆို ဒီကနေ ရန်ကုန်၊ ရန်ကုန်ကနေမှတစ်ခါ အိတ်စ်ပို့ ပို့တယ်။ ခါတိုင်းမထွက်တဲ့ ကွမ်းသီးတောင် ဒီနှစ်တော့ (ထိုင်းဘက်) ထွက်တယ်။ ကော့သောင်းကနေ ရနောင်းပြန်ဝင်တယ်ပေါ့၊ အခုနှစ်မှာ အိတ်စ်ပို့က ကွမ်းသီးဆိုအခြမ်းများတယ်” ဟု မြိတ်မြို့နယ်ရှိ ကွမ်းသီးကုန်သည် တစ်ဦးက ရှင်းပြသည်။

 

mdn

 

လက်ရှိ ကော့သောင်း- ရနောင်းလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရေထွက်ကုန် ပစ္စည်းများပို့နေပြီး ထိုင်းနိုင်ငံဘက်မှ လူသုံးကုန် ပစ္စည်းများနှင့် စားသောက်ကုန်များ ပြန်လည် တင်သွင်းနေကြောင်းလည်း သိရသည်။

"ရေထွက်ပစ္စည်း အဓိကအများဆုံးပို့တာက ထိုင်းကိုပေါ့။ အဓိက သူတို့ကအသုံးများတယ်၊။ အစားများတယ်ပေါ့။ ကော့သောင်း - ရနောင်းကနေပို့တာပေါ့။ နောက်လှေတွေ ဘာတွေမှာ သုံးတဲ့ ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းလည်း ထိုင်းဘက်ကဝင်တာပေါ့။ စားသောက်ကုန်တွေလည်း ဒီလမ်းကြောင်းကနေ ဝင်တာရှိပါတယ်” ဟု ကော့သောင်းမြို့နယ်ရှိ ရေထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Thit Taw