တနင်္သာရီ ၁၀ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရေဖြူကျေးရွာရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများမှ ယမန်နှစ်မှပျိုးထောင်ထားလျက်ရှိသည့် ကွမ်းသီးပင်ပေါက် ပျိုးပင်များအား ယခုနှစ် စိုက်ပျိုးရာသီ မိုးဦးကာလတွင် အနီးဝန်းကျင်ကျေးရွာများနှင့် အခြားဒေသများမှ ဥယျာဉ်ခြံစိုက်သမားများ ကွမ်းသီးပျိုးပင်များအား လာရောက်ဝယ်ယူသူ များပြားလာသည့်အတွက် ဈေးကောင်းရကာ ပျိုးပင်များပြတ်လပ်သည်အထိ ရောင်းချခဲ့နေရကြောင်း သိယင်းကျေးရွာရှိ ကွမ်းသီးပျိုးပင် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
"ဒီနှစ် စိုက်ပျိုးရာသီမှာ ဥယျာဉ်သစ်တည် စိုက်ပျိုးမဲ့သူတွေရယ် ပြီးခဲ့တဲ့ နွေရာသီတုန်းက နေအရမ်းပူပြင်းလွန်းလို့ မနှစ်ကစတင်စိုက်ပျိုးထားတဲ့ ဥယျာဉ် ခြံရှင်တွေရဲ့ကွမ်းသီးပင်အတော်များများ နေပူဒဏ်ကြောင့်အပင်တွေသေ ပျက်စီးကုန်တာကြောင့် ပြန်လည်ဖာထေးအစားထိုးစိုက်ပျိုး နိုင်ဖို့အတွက် အလုအယက် လာရောက်ဝယ်ယူကြတာကြောင့် အရင်နှစ်တွေထက် ပျိုးပင်တွေ အားလုံး ဈေးကောင်းရ ရောင်းကောင်းခဲ့ပါတယ်၊ ဟိုအရင်နှစ်တွေက တစ်နှစ်၊ တစ်နှစ်ခွဲသား ကွမ်းသီးပျိုးပင်တစ်ပင်ကို(၂၅၀)ကျပ်ခန့်ရောင်းချခဲ့ရပေမဲ့ ဒီနှစ်မှာ တစ်ပင်ကို (၃၅၀)ကျပ်မှ (၄၀၀) ကျပ်ခန့်အထိ ဈေးရခဲ့တယ်၊ နှစ်စဉ် ကျနော်က အားလပ်ချိန်မှာ အပိုဝင်ငွေရအောင်အတွက် အသီးခိုင်ထွက်အားကောင်းပြီး အလုံးလှမျိုးကောင်းတဲ့ ကွမ်းသီးတွေကို ကိုယ့်ရဲ့ဥယျာဉ်မှာလဲ သုံးရအောင်နဲ့ အခြားမှလိုအပ်လို့ မှာယူထားသူတွေအတွက် ပြန်လည်ရောင်းချပေးနိုင်အောင် ယမန်နှစ်ထဲက အပင် (၂)သောင်းခွဲကျော် ပျိုးထောင်ထားခဲ့တာပါ၊ ဒီနှစ်လာဝယ်ကြတာက ချောင်းလမု၊ ချောင်းနောက်ပြန်၊ သဲဖြူ စတဲ့ကျေးရွာတွေနဲ့ မောတောင်မြို့ ဘက်က ဥယျာဉ်ခြံသမားတွေများပါတယ်" ဟု ကွမ်းသီးပင်များပျိုးထောင် စိုက်ပျိုးရောင်းချနေသူတစ်ဦးဖြစ်ပြီး ရေဖြူကျေးရွာ၌ ကွမ်းသီးခြံဥယျာဉ်စိုက်ပျိုးလုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်းပြုနေသူ ဦးယုက ရှင်းပြသည်။
အဆိုပါ ချောင်းလမုကျေးရွာတွင် ကိုယ်တိုင်ကွမ်းသီး ပင်ဧက (၂၀၀) ကျော်ခန့်ကိုလည်း စိုက်ပျိုးထားပြီး ပျိုးထောင်ပင် (၄၀၀၀)ကျော်အား ဝယ်ယူခဲ့သူ မြိတ်မြို့မှ ကွမ်းသီးဥယျာဉ် လုပ်ကိုင်နေသူ ဦးအောင်က "ကျနော့်ဥယျာဉ်မှာ ဒီနှစ်နေအရမ်းပူလို့ အပင်ငယ်တချို့ ပြန်ဖာထေးစိုက်ဖို့ ရေဖြူကျေးရွာဘက်မှာ ပျိုးပင်လိုက်ရှာဝယ်ခဲ့ရပါတယ်၊ အခြားသူတွေလည်း အလုအယက်ဝယ်ယူကြတော့ ပထမအသုတ် ပျိုးပင် (၂၀၀၀)ကျော် ဝယ်တုန်းက တစ်ပင် (၃၀၀)ကျပ်ပဲပေးရတယ်၊ မလုံလောက်လို့ နောက်ထပ်အပင်(၂၀၀၀) ထပ်ဝယ်တော့ တစ်ပင်ကို(၄၀၀) ကျပ်နဲ့ဝယ်လိုက်ရပါတယ်၊ ကိုယ့်မှာလဲလိုအပ်နေတော့ ကြိတ်မှိတ်ဝယ်လိုက်ရတယ်၊ ဒါကြောင့် နောင်နှစ်အတွက် ကိုယ့်ခြံမှာ လိုအပ်ရင်သုံးရအောင်၊ ပိုလျှံရင်လည်း အခြားသူတွေကိုပြန်မျှဝေရောင်းပေးလို့ရအောင် ချောင်းဘေးက မြေကွက်လပ်တစ်ခုမှာ ပျိုးပင် တစ်သောင်းခွဲကို ပျိုးစိုက်ထားပါတယ်" ဟု ၎င်းကပြောဆိုသည်။
အဆိုပါ ကွမ်းသီးပျိုးပင်များအား စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်အကွာအဝေးမှာ (၆)ပေမှ(၁၀)ပေ ခြား၍ တစ်တန်းနှင့်တစ်တန်းကိုလည်း (၁၀)ပေခြားကာ စိုက်ပျိုးရပြီး တစ်ဧကလျှင် အပင်ရေအတွက် (၂၈၀) မှ (၃၀၀) ပင်အထိ စိုက်ပျိုးလျက်ရှိပြီး၊ အပင်(၃)နှစ်သား အရွယ်အထိ ပေါင်းမြက်ရှင်းလင်းခြင်း၊ ရှဉ့်တောတိရစ္ဆာန်များကိုက်ဖျက်ခြင်းအား ကာကွယ်ခြင်း၊ တောမီးများလောင်ကျွမ်းမှုမရှိစေရန် မီးတာများ စီမံထားခြင်း၊ လိုအပ်လျှင် အပင်အားဆေးမြေသြဇာများကို ခေတ်စနစ်နဲ့အညီ ကျွေးရခြင်းတို့ ပြုစုစောင့်ရှောက်ပေးရခြင်း၊ ရေမြေ ရာသီဥတုကောင်းမွန်ပါက စတင်စိုက်ပျိုးသည့်အချိန်မှ အပင်သက်တမ်း (၆) နှစ်အချိန်ခန့်တွင် အသီးစတင်ထွက်ရှိသော်လည်း (၈/၉)နှစ် သက်တမ်းရောက်ရှိမှသာလျှင် စိုက်ပျိုးထားသည့် ကွမ်းသီးပင်များ အကုန်အသီးစုံလင်ကာ တစ်ပင်လျှင် ကွမ်းသီးအခြောက် (၂)ပိသာ(၅၀)ကျပ်သားမှ (၃)ပိဿာ(၅၀)ကျပ်သားအထိ ရရှိနိုင်ပြီး၊ ယခုနှစ်တွင် ကွမ်းသီးခြောက် တစ်ပိသာလျှင်ငွေကျပ်(၃၅၀၀)ကျပ်အထိ ပေါက်ဈေးရောင်းချရကြောင်း ကွမ်းသီးပင်စိုက်ပျိုး ရောင်းချသူများထံမှ သိရှိရသည်။
မြင့်ဦး(မြိတ်)