မြိတ် ၂ စက်တင်ဘာ
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင် ရွက်နေကြသော ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ ( VMS - Vessel Monitoring Syetem)ကို အောက်တိုဘာလ(၃၀)ရက် အပြီးတပ်ဆင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ ငါးဖမ်းကွက်များအား ငါးမဖမ်းရကာလနှင့်ငါးမဖမ်းရဧရိယာ သတ်မှတ်ခြင်း အချိန်ကာလပြီးမြောက်ခဲ့ပြီဖြစ်၍ စက်တင်ဘာလ(၁)ရက်နေ့တွင် VMS ကိရိယာ တင်ဆင်ခြင်း မရှိသေးသော်လည်း ရေလုပ်သားများ၏ စားဝတ်နေရေးအဆင်ပြေစေရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ပြည်ပပို့ကုန်ပမာဏနှင့် တန်ဖိုလျှော့ကျမှု မရှိစေရေးတို့အတွက် ၂၀၁၉-၂၀၂၀ ငါးဖမ်းရာသီအစတွင် ငါးဖမ်း ရေယာဉ်အားလုံးကို ငါးဖမ်းတစ်ခေါက်ထွက်ခွာခွင့်ပြုခဲ့ပြီး ရေယာဉ်များအားလုံးကို စက်တင်ဘာလ(၁)ရက်မှ အောက်တိုဘာလ(၃၀)ရက်အထိ (၂)လအတွင်း VMS ကိရိယာကို အပြီးတပ်ဆင်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထားသည်။
VMS ကိရိယာနှင့်ပတ်သက်ပြီး မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် သြဂုတ်လ(၃၁)ရက်က ထိုင်း ကုမ္ပဏီတစ်ခုမှ VMS ကိရိယာ လာရောက်မိတ်ဆက်ခဲ့ရာ ငါးဖမ်းလှေပိုင်ရှင်များ၊ ငါးလှေကုမ္ပဏီများမှ အဆိုပါ စက္တပ္ဆင္ပါက စက်တစ်လုံးတန်ဖိုး၊ တစ်လတစ်ကြိမ် ဝန်ဆောင်မှုစရိတ် စသည့် မေးခွန်းများအပေါ် ကုမ္ပဏီမှ ဖြေကြားနိုင်ခဲ့ခြင်းမရှိကြောင်း၊ VMS ကိရိယာ နမူနာပြသပေးမှု မရှိဘဲ ဗီဒီယိုဖိုင်ဖြင့်သာ ရှင်းပြခဲ့ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
“ အခုလ ၁ ရက်နေ့မှာ ထွက်သွားတဲ့လှေတွေဟာ VMSစက်တပ်ဆင်ပြီးထွက်သွားတာ တစ်စီးမှ မရှိပါ ဘူး။ ဒီလှေတွေဟာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားချက်အရ အောက်တိုဘာ ၃၀ မှာ အပြီးတပ်ပေးရမယ်။ တပ် ပေးတဲ့အခါမှာလည်း ပင်လယ်ပြင်မှာ ယူဆောင်တပ်ဆင်ရတာမဟုတ်ဘဲ သက်ဆိုင်ရာဌာနရှိတဲ့ နေရာမှာပဲ တပ်လို့ရမှာ။ ဒီလှေတွေထွက်သွားပြီး ရက်(၆၀)ပြည့်လို့ ချက်ပွိုင့်တစ်ခေါက်ပြန်ဝင်လာရင် ဒီစက်တပ်ဖို့ အားလုံး စုပြီး ပြန်လာရင် ရေခဲဒုက္ခ၊ ဆီဒုက္ခ၊ ရေလုပ်သားများပြဿနာ အများကြီးရင်ဆိုင်ရဦးမယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးစန်းမောင် က ပြောသည်။
တနင်္သာရီကမ်းရိုးတန်းသည် မြန်မာနိုင်ငံတောင်ဘက်ခြမ်းတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း (၃)ခုအနက် အရှည်ဆုံးကမ်းရိုးတန်း တစ်ခုဖြစ်၍ ကမ်းရိုးတန်း မိုင်၂၀ဝ (ကီလိုမီတာ ၁၂၀ဝ) ရှည်လျားသည်။ ကမ်းရိုးတန်းရေပြင်တွင် ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် ဧပြီလအထိ မြိတ်အခြေပြု ကမ်းဝေးငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေသည့် ရေယာဉ်(၁၂၀၂)စီးရှိကာ ကမ်းဝေးရေလုပ်သား(၂၀၉၈၇)ဦးရှိခဲ့ပြီး စက်တင်ဘာ(၁)ရက်နေ့တွင် ကမ်းဝေးငါးဖမ်း ရေယာဉ်စီးရေ ၆၀ဝ ကျော် ချက်ပွိုင့်ပြ၍ ထွက်ခွာသွားကြောင်း၊ ယနေ့တွင်လည်း ဆက်လက် ထွက်ခွာလျက်ရှိ ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“ အခုလက်ရှိ ရက်သတ်မှတ်ပြီး ညွှန်ကြားချက်ထုတ်ထားတယ်။ အခုချိန်ထိ VMS စက်တစ်လုံးလည်း မသွင်းလာသေးပါ။ စက်ပစ္စည်းဆိုတာ ကောင်းသည်ဆိုးသည်ကြည့်ရဦးမှာဖြစ်ပါတယ်။ ပြီးရင် သုံးစွဲမယ့််သူတွေ တတ်မြောက်အောင်သင်ပေးရဦးမှာဖြစ်ပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနမှ ဒီစက်တွေအားလုံးကို ဖမ်းယူစောင့် ကြည့်မယ့် Center က ဘယ်မှာဆိုတာ မသိရသေးပါ။ ကုမ္ပဏီလည်း ဘယ်မှာ Center ထောင်၍ ရုံးခန်းဖွင့်ပြီး လုပ်မလဲ ဆိုတာ တိတိကျကျ မသိရသေးပါ။ ညွှန်ကြားချက်သည် ရက်သတ်မှတ်ထားတဲ့အတွက် ဘောင်တစ်ခု ခတ်ထားတဲ့အတွက် အခက်အခဲဖြစ်နိုင်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ က ထပ်လောင်းပြောဆိုသည်။
မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေကြသော ကမ်းဝေး ငါးဖမ်း ရေယာဉ်များ စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြစေရန်၊ ငါးမျိုးပြုန်းတီးမှုမှကာကွယ်ရန်၊ ငါးဖမ်းရေယာဉ် များ၏ လှုပ်ရှားမှုများ၊ သတင်းအချက်အလက်များကိုစောင့်ကြည့်ခြင်း၊ မှတ်တမ်းရယူခြင်း၊ ထိန်းချုပ်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် တရားမဝင်ငါးဖမ်းဆီးမှုမရှိစေရေးအတွက် ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ ( VMS - Vessel Monitoring Syetem) တပ်ဆင်ဆောင်ရွက်ကြရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


