ဟိုင်းကြီးကျွန်း ၂၃ မေ

 

မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများ လျှော့နည်းလာသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာနက Close Season , Close Area များသတ်မှတ်ပြီး သယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးရာသီတွင် ကမ်းဝေးငါးဖမ်းခွင့်ကို သုညရာခိုင်နှုန်း အထိလျှော့ချခဲ့ပြီဖြစ် သည်။ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးရှိ ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများအား ဇွန်လ ၁ရက်နေ့မှ သြဂုတ်လ ၃၁ရက်နေ့အထိသုံးလ ကို ငါးမဖမ်းရရာသီအဖြစ် သတ်မှတ်ကြောင်းနှင့် ငါးဖမ်းဆီးမှုမပြုကြရန် ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားချက်များထုတ်ပြန်ထားကြောင်း သိရှိရသည်။

 

ဟိုင်းကြီးကျွန်းမြို့တွင် ကမ်းဝေးငါးဖမ်း ရေယာဉ် ၈၆စီးရှိပြီး ငါမဖမ်းရရာသီသတ်မှတ်ထား ပြီးဖြစ်၍ ပင်လယ်ပြင်၌ ငါးဖမ်းထွက်ခွာနေကြ သည့်ငါးဖမ်းရေယာဉ်များအားလုံးကို မိမိတို့၏ ဒေသ ဆိပ်ကမ်းများဆီသို့ မေလကုန်နောက်ဆုံး ထားပြီး ပြန်လည်ဝင်ရောက်လာကြရန်နှင့် ဝင်ရောက်မှုကို သတင်းပို့စနစ်ဖြင့်ဆောင်ရွက်သွားကြရန် ရေယာဉ်များအားလုံးသို့ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ် ငန်းဦး စီးဌာနက အသိပေးအကြောင်းကြားထား ပြီးဖြစ်ကြောင်း သိရသည်။

 

ငါးသယံဇာတထိန်းသိမ်းရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ပင်လယ်ပြင်ငါးဖမ်းခွင့်ကို ကန့်သတ်လာခဲ့သည်မှာ ပထမအကြိမ်အဖြစ် ငါဖမ်း    ဆီးခွင့်ရှိသည့် ကမ်းဝေငါးဖမ်းရေယာဉ် အစီးရေ ၏ ၃၀ရာခိုင်နှုန်းသာငါးဖမ်းခွင့်ပြုခြင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀ရာခိုင်နှုန်းသာ ငါးဖမ်းခွင့်ပြုခြင်း၊ တတိယအကြိမ်အဖြစ် ယခုနှစ်တွင် သုညရာခိုင်နှုန်းအထိ ပင်လယ်ငါးဖမ်းဆီးခြင်းကို လျှော့ချခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကမ်းနီးငါးဖမ်းလုပ်ငန်းများကိုမူ နှစ်စဉ်ပုံမှန်အတိုင်း ငါးဖမ်းဆီးခွင့်ပြု ထားခဲ့သည်။

 

ကမ်းဝေးငါးဖမ်းခွင့်ပိတ်မည့် ကာလနီးကပ်လာသည်နှင့်အမျှ ငါးဖမ်းဆီးခွင့်ကို ဇွန်လ ၁ရက် နေ့စကတင်၍ သုံးလပိတ်ထားမည်ဖြစ်သော်လည်း ဟိုင်းကြီးကျွန်းမြို့၌ ဇွန်လ၆ ရက်နေ့ထိလည်းကောင်း၊ ဇွန်လ ၁၅ရက်နေ့အထိလည်းကောင်း ပင်လယ်ငါးဖမ်းဆီးခွင့်ကို သက်ဆိုင်ရာက ခွင့်ပြု ထားကြောင်း ဒေသတွင်းသတင်းများထွက်ပေါ်လျက်ရှိရာ “ဒီသတင်းက မမှန်ကန်ပါဘူး ငါးဖမ်းခွင့် ပိတ်ထားတဲ့ရက်က ဌာနကထုတ်ပြန်ထားတဲ့ အတိုင်း ဇွန် ၁ရက်ကနေ သြဂုတ် ၃၁ရက်ပါပဲရက် ပြောင်းလဲတဲ့ညွှန်ကြားချက်မျိုး တစ်စုံတစ်ရာ ဌာနကညွှန်ကြားလာတာ မရှိတဲ့အတွက် ဒီသတင်း ဟာ ကောလာဟလ သတင်းသာဖြစ်ပါတယ် တကယ်လို့ ညွှန်ကြားချက် ထပ်လာမယ်ဆိုရင်လည်း ကျွန်တော်တို့ ဌာနအနေနဲ့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေငြာသွားမှာပါ”ဟု ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ဟိုင်းကြီးကျွန်းဒေသသည် ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည့် ဒေသ ဖြစ်ပြီး တရားဝင်စာရင်းများအရ ကမ်းဝေးငါးဖမ်းရေယာဉ် (၈၆)စီးရှိကာ ကမ်းနီးငါးဖမ်းရေယာဉ် (စက်တပ်/စက်မဲ့)(၁၀ဝ)စီးရှိရာ ကမ်းရိုးတန်းနေဒေသခံအများစု၏ စားဝတ်နေရေးအတွက် ပင်လယ် ငါးဖမ်းခွင့်သုံး လပိတ်ထားသည့် ကာလများအတွင်း ကမ်းနီးငါးဖမ်းရေယာဉ်များ ကိုသာအဓိက အားထားရမည်ဖြစ်သည်။ 

 

ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် အလုပ်လုပ်ကိုင်ကြသည့် ရေလုပ်သား ဦးရေက ကမ်းနီးငါးဖမ်းလုပ်ငန်းများထက် ပိုများပြားနေပြီး ငါးဖမ်းခွင့်သုံးလပိတ်ထားသည့် ကာလ များအတွင်းအ လုပ်အကိုင်ရှားပါးမှုနှုန်း မြင့်မားနေမည်ဖြစ်ကာ ဒေသတွင်းတည်ငြိမ်အေး ချမ်းမှုများ ထိခိုက်လာမည်ကို စိုးရိမ်နေကြသော ဒေသခံများရှိနေကြသကဲ့သို့ ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြား ချက်အတိုင်း လိုက်ပါဆောင်ရွက်သင့်ကြောင်း လိုလားကြသည့် ဒေသခံများလည်းရှိသည်။

 

ငါးလုပ်ငန်းဦးစီးဌာနက ကမ်းဝေးငါးဖမ်းရေယာဉ်များအား မေလကုန်နောက်ဆုံးထားပြီး မိမိတို့၏ ဒေသဆိပ်ကမ်းများဆီသို့ ပြန်လည်ဝင်ရောက်လာကြရန် အသိပေးအကြောင်းကြားမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယနေ့အချိန်ထိ ဟိုင်းကြီးကျွန်းမြို့သို့ ပြန်လည်ဝင်ရောက်လာကြသည့် ငါးဖမ်းရေယာဉ်အရေအတွက်မှာ အနည်းငယ်သာရှိသေးပြီး အများစုမှာ ပိတ်ရက်အမီ ပြန်လည်ဝင် ရောက်နိုင်ရေးအတွက် စီစဉ်လျက်ရှိပြီး ပင်လယ်ပြင်၌ ငါးဖမ်းလုပ်ငန်းများကို ဆောင်ရွက် နေကြဆဲ ဖြစ်ကြောင်း သိရသည်။

 

ကျော်သူဟိန်း (ဟိုင်းကြီးကျွန်း)