ကွမ်းယာစားသုံးခြင်းအန္တရာယ်

mdn

ဒေါက်တာသန်းထိုက်

ကွမ်းယာထဲမှာ ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး၊ ကွမ်းစားဆေးနဲ့ အခြား ဖြည့်စွက် ထည့်စားတဲ့ ပစ္စည်းမျိုးစုံပါပါတယ်။ ကွမ်းယာတစ်ယာဖြစ်ဖို့ ထည့်သုံးရတဲ့ ကွမ်းသီး၊ ကွမ်းစားဆေး၊ ထုံး စတာတွေဟာ အခြေခံပစ္စည်းတွေပါ။ အဲဒီပစ္စည်းတွေထဲက အနည်းဆုံး နှစ်မျိုးကို ကွမ်းရွက်ထဲမှာ ထည့်ယာတာကိုကွမ်းယာလို့ သတ်မှတ်ပြီး ကွမ်းဝါးဖတ်ကတော့ ကွမ်းယာကို ကြေညက်အောင် ဝါးလို့ရတဲ့ အဖတ်အသေးလေး တွေပါ။ ကွမ်းယာကိုဝါးတဲ့ အချိန်ကစပြီး ဝါးဖတ် ညက်သည်အထိ ပါးစပ်ထဲမှာ ရှိနေသ၍ ခံတွင်းအမှေးပါး ထိခိုက်ပါမယ်။ အနာဖြစ်သည်အထိ ရောဂါအမျိုးမျိုး ဖြစ်ပါမယ်။ ဘယ်ပစ္စည်းဟာ အဆိပ်ဖြစ်မယ်၊ ဘယ်ပစ္စည်းနဲ့ အခြားပစ္စည်းပေါင်းမှ အန္တရာယ်ရှိမယ်ဆိုတာမျိုး သိရှိလိုကြမှာပါ။ ဒါ့အပြင် သုံးခဲ့တဲ့ ပိုးသတ်ဆေးလက်ကျန်၊ သုံးထားတဲ့ ဓာတ်မြေသြဇာ လက်ကျန်၊ ကွမ်းစိုက်ခင်း တွေမှာသုံးတဲ့ ရေအမျိုးအစားနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု စတာတွေလည်း အန္တရာယ်ပြုပါ လိမ့်ဦးမယ်။ ကွမ်းယာတစ်ယာဖြစ်ဖို့ သုံးနေကြတဲ့ ပစ္စည်းတစ်မျိုးစီက စားသုံးသူကို အန္တရာယ်ပေးမှု ရှိ၊ မရှိ ပစ္စည်းတစ်မျိုးစီကို အသေးစိတ် လေ့လာ ကြည့်ကြပါစို့။

ကွမ်းရွက်ကြောင့်လား

ကွမ်းရွက်မှာ သဘာဝအတိုင်း ကလိုရိုဂျင်းနစ်အက်ဆစ် (Chlorogenic acid) နဲ့ ဟိုက်ဒရိုဇီဂျာဗီကို(လ်) (Hydroxychavicol)တို့ ပါရှိတယ်။ ကလိုရိုဂျင်နစ်အက်ဆစ် ဟာ ကင်ဆာရောဂါဆဲလ်တွေကို သတ်ပေးနိုင်တယ်။ ကောင်းတဲ့ခန္ဓာကိုယ်ဆဲလ် တွေကို မထိခိုက်စေပါလို့ ဆိုထားပါတယ်။ ကင်ဆာကုသတဲ့ အခြားဆေးများနည်းတူ ဂုဏ်သတ္တိရှိတာကို တွေ့ရှိထားတာကြောင့် အိန္ဒိယသုတေသနပညာရှင်တွေက သုတေ သနအဆင့်မှ စီးပွားဖြစ်ထုတ်လုပ် အဆင့်ထိရရှိအောင် ကြိုးပမ်းလျက်ရှိကြတယ်။ စိတ်ဝင်စားစရာ နောက်ပစ္စည်းတစ်ခုမှာ ကွမ်းရွက်၊ ရနံ့ဆီထဲမှာပါရှိတဲ့ ဆက်ဖရော (Safrole) ဟာ ကွမ်းရွက် တစ်ရွက်ထဲမှာ ၁၅ မီလီဂရမ်လောက် ပါရှိပြီး အဝါရောင် ဖျော့ အရည်တစ်မျိုးပါ။ ဆက်ဖရော ဟာ ကိုယ်ခန္ဓာထဲ ရောက်ရှိပြီးရင် ဇီဝဖြစ်စဉ် အသွင်ပြောင်းနည်း (Biotransformation) ဖြင့် ယူဂျီနောနဲ့ ဟိုက်ဒရိုအောက်ဇီ ချာဗီ ကိုး(လ်) ဓာတုပစ္စည်းအဖြစ် ပြောင်းသွားတယ်။ ခန္ဓာကိုယ်ကနေ ၂၄ နာရီ အတွင်း ကျင်ငယ်စွန့်တဲ့အခါ ပါရှိသွားတယ်လို့ ဆိုထားတယ်။ ဆက်ဖရောကြောင့် ကင်ဆာ မဖြစ်စေနိုင်တော့တဲ့အတွက် ကွမ်းရွက်ကြောင့် အန္တရာယ်မရှိနိုင်ပါလို့ သုံးသပ်မိပါ တယ်။

ကွမ်းသီးကြောင့်လား

ကွမ်းသီးမှာ သဘာဝအတိုင်း အယ်(လ်)ကလွိုဒ် သုံးမျိုးပါရှိတယ်။ ခူးပြီးပြီးခြင်း ကွမ်းသီးထဲမှာ အလေးချိန်အားဖြင့် အာရီကိုလင်း (arecoline) .၃ဝ-.၆၃% အာရီကာဒင်း (Arecadine) .၃၁ မှ .၆၆ နဲ့ ဂူဗာစိုင် (Guvacine) .၁၉ မှ .၇၂% စသဖြင့် အယ်(လ်)ကလွိုဒ် သုံးမျိုးပါရှိပါတယ်။

ကွမ်းသီးရင့်လာပြီး နေလှန်းလိုက်တဲ့အခါမှာတော့ ဒီပစ္စည်းသုံးမျိုး ပါဝင်မှုဟာ လျော့သွားပါတယ်။ ရေနဲ့ပြုတ်ပြီး အခြောက်လှန်းရင် ပိုပြီးလျော့သွားပါဦးမယ်လို့ ဆိုထားပါတယ်။

အာရီကိုလင်းဟာ ကွမ်းယာစားသုံးသူတွေရဲ့ ကွမ်းဝါးဖတ်၊ ကွမ်းတံတွေး၊ သွား စတာတွေကို နီစေတယ်။ ကြာလျှင်သွားတွေ၊ သွားဖုံးတွေကို အနီရောင်၊ အညိုရောင်၊ အနက်ရောင် စတဲ့ အရောင်များ စွဲစေတယ်။ အာရီကိုလင်းကြောင့် ဗဟိုအာရုံကြော စနစ် (Central nervous system) ကို ထိခိုက်စေတယ်။ မျက်စိသူငယ်အိမ်ကျဉ်း စေတယ် (Pulpillary constriction) အဆုတ်ပြွန် တင်းကြပ်စေတယ်။ ကွမ်းသီးနဲ့ထုံး ပူးတွဲစားရင် အာရီကိုလင်းဟာ ကိုယ်ခန္ဓာ သွေးကြောထဲကို လွယ်လွယ်ကူကူ ရောက်စေတယ်။ ဒါကြောင့် ကွမ်းယာစားတဲ့သူတွေဟာ မစားရရင်မနေနိုင်အောင် စွဲမက်စေတယ်ဆိုတာ အာရီကိုလင်းကြောင့်ဖြစ်တယ်လို့ စဉ်းစားလို့ရပါပြီ။

အာရီကိုလင်းဟာ ကွမ်းယာစားသူတွေရဲ့ ဦးနှောက်ထဲက အကြောငယ်များကို နှိုးဆွပေးတဲ့ပစ္စည်း (Parasympathetic stimulant) ဖြစ်တယ်။ ကိုယ်ဝန်ဆောင် မိခင် များအတွက် ကလေးမွေးဖွားလာရင် ပေါင်ချိန်မပြည့် ဖြစ်နိုင်တယ်။ အချိန်စော မွေးတာလည်း ဖြစ်နိုင်တယ်။ ကွမ်းယာဝါးဖတ်ကို ဆက်ဝါးချင်နေပြီး စိတ်ထဲမှာ သက်လုံကောင်းတယ်၊ ခံနိုင်ရည်ရှိတယ်၊ စိတ်ချမ်းသာတယ်၊ ဝမ်းသာပီတိဖြစ်တယ် စတဲ့ ခံစားချက်တွေ ရရှိတာဟာ အာရီကိုလင်းကြောင့်ပါလို့ ဆိုထားပါတယ်။

အာရီကိုလင်းကြောင့် သွေးတိုးမှုဖြစ်တယ်။ ပန်းနာရောဂါသည်တွေအတွက် အကြောတစ်သျှူးတွေ ကျဉ်းစေတယ်။ ဆီးချိုရောဂါဖြစ်စေတယ်။ နှလုံးခုန်နှုန်း တိုးစေ တယ်။ အာရီကိုလင်းနဲ့ တင်နင်တို့ကို ခွဲထုတ်ရန် သုတေသန ဆောင်ရွက်လျက် ရှိကြတယ်။ အဲဒီလို အာရီကိုလင်း ပါရှိမှုကို ကွမ်းသီးမှာ လျှော့ချနိုင်ရင် အာရီကိုလင်း မပါရှိတဲ့ ကွမ်းသီးမျိုးကို စီးပွားဖြစ်ထုတ်လုပ်နိုင်လျှင် စားသုံးသူများအတွက် အန္တရာယ် လျော့သွားနိုင်တယ်လို့ သုံးသပ်ထင်မြင်ကြပါတယ်။

ကွမ်းသီးပါ အာရီကိုလင်းဟာ ကွမ်းစားဆေးထဲမှာရှိတဲ့ နီကိုတင်းနှင့် ကျန်းမာရေး ထိခိုက်မှု သဘာဝအတူတူပါ။ ဗဟိုနဗ်ကြောစနစ် (Central nervous system) ကို အန္တရာယ်ပြုစေတယ်။ ခန္ဓာကိုယ်ဆဲလ်များနဲ့ မျိုးရိုးဗီဇ တို့ကို အဆိပ် (Cyclotoxic and genotoxic) ဖြစ်စေတယ်။ ဦးနှောက် မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါ (Alzheimer disease) ဖြစ်စေတယ်။ ဒါ့အပြင် အာရီကိုလင်းဟာ ကင်ဆာဖြစ်စေတဲ့ နိုက်ထရို့(စ်)အေမင်း (Nitrosamine) ဖြစ်ဖို့ ရှေ့ပြေးပစ္စည်း (Precursor) ဖြစ်တယ်။ ခံတွင်းနဲ့လည်ချောင်း (Oral and pharyngeal) ကင်ဆာရောဂါ ဖြစ်စေတယ်။ ကွမ်းသီးကို သီးသန့်ဝါးစားနေသူများ၊ ဝါးလွန်းတာများလျှင် ခံတွင်းချွဲမြှေးတို့ရဲ့ အရောင်ဟာ မီးခိုးရောင်ဖြစ်လာပါမယ်။ သွားပွတ်တံနဲ့ တိုက်ပစ်လို့မရတော့ဘဲ ခံတွင်း နေရာမာလာမယ်။ အရေပြားတစ်သျှူးဆဲလ်တွေ ဖြစ်ပေါ်လာတတ်ပါမယ်။ ကင်ဆာ ရောဂါ စတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စိတ်ဝင်စားစရာ စမ်းသပ်ထားတာတစ်ခုမှာ အာရီကိုလင်းကို မှတ်ဉာဏ် ချို့ယွင်းရောဂါ (Alzheimer disease) ရောဂါရှင်အချို့နဲ့ အကြောဆေးအဖြစ် သုံးပြီး စမ်းသပ်ရာမှာ ဝေဒနာရှင် စကားပြောတိုးတက်မှုရှိပြီး မှတ်ဉာဏ် ပြန်လည်ကောင်းမွန် လာတဲ့ လက္ခဏာများ တွေ့ရှိလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အာရီကိုလင်းကို မှတ်ဉာဏ်ချို့ယွင်း ဝေဒနာရှင်များ ကုသဆေးအဖြစ် အလားအလားရှိသော်လည်း ကင်ဆာရောဂါ စတင်ဖြစ်မှုကို စိုးရိမ်ရမှုရှိတာကြောင့် မှတ်ဉာဏ်ချို့ယွင်းရောဂါ ကုသထုံးကို ဆိုင်းငံ့ထား နေရပါသေးတယ်။

ထုံးကြောင့်လား

ကွမ်းရွက်ကို ထုံးသုတ်ပြီးစားတဲ့အခါ ကွမ်းယာဝါးဖတ်ရဲ့ pH ၁၀ အထိ ရောက် ရှိလာတယ်။ ကျန်းမာရေးပညာရှင်တွေက ဒီလို ဓာတ်တိုးပြောင်းသွားတာဟာ ကင်ဆာဖြစ်စေတဲ့ အခြေခံလို့ ယူဆကြတယ်။ ထုံးကြောင့်ပါးစပ် အတွင်းရှိ အရေပြား ပျက်စီးစေတယ်။ ချိုဆိမ့်တဲ့ အရသာရလို့ ထုံးကိုပါးစောင်းထဲနဲ့ လျှာပေါ်မှာငုံထားရင် နနယ်တဲ့အသားမျှင်ကို ပျက်စီးစေတယ်။ ကွမ်းစားဆေးနဲ့ပေါင်းစပ်စားတဲ့အခါ ခံတွင်း၊ ပါးစပ်ခေါင်းပေါက် (Oral cavity) လည်ချောင်း (Pharyn) အစာပြွန် (Aesorphagus) တို့မှာ ကင်ဆာရောဂါ ဖြစ်နိုင်တယ်။ ဖြစ်နိုင်မယ့် ဓာတုဗေဒဖြစ်စဉ်ကို လေ့လာတဲ့ အခါမှာ ကွမ်းယာထဲမှာပါရှိတဲ့ အခြားပစ္စည်းတွေနဲ့ ထုံး (Calcium hydroxide)တို့ ဓာတ်ပြုလိမ့်မယ်။ ထုံးကနေ ဓာတ်ပြုအောက်ဆီဂျင် (Reactive oxygen) ဖြစ်တဲ့ O2, H2O2, နဲ့ OH- တွေကတစ်ဆင့် pH မှ ၁၄ ကြားမှာ ခံတွင်းချွဲမြှေး၊ ဆဲလ်များနှင့် ဓာတ်ပြုပျက်စီးစေတယ်။ စားသုံးသူရဲ့ ခံတွင်းလိုဏ်ခေါင်း (Oral cavity) တို့မှာ ပျက်စီးတာတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်ချောင်း၊ အစာပြွန်၊ ခံတွင်းလိုဏ်ခေါင်း တို့မှာ ဆဲလ်ပျက်စီးမှုတွေ ဖြစ်လာတာလို့ ဆိုထားပါတယ်။

ကွမ်းစားဆေးကြောင့်လား

ဆေးရွက်ထဲမှာ နစ်ကိုတင်း အလေးချိန် . မှ . ရာခိုင်နှုန်းအထိ ပါရှိတယ်။ နစ်ကိုတင်းကို သုံးစွဲမိရင် ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ်မှာ နစ်ကိုတင်း . မှ ၁၃. မီလီဂရမ် အထက် ပိုသုံးစွဲမိရင် ဆေးစွဲတာမျိုး ဖြစ်သွားနိုင်တယ်။ သွေးတိုး ရောဂါ၊ ကိုယ်ခန္ဓာ အလေးချိန်လျော့ကျရောဂါ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ပဋိသန္ဓေ ထိခိုက်ရောဂါ၊ အဆုတ်တစ်သျှူးပျက်စီးတဲ့ ရောဂါမျိုး ဖြစ်စေနိုင်တယ်။

 ဆေးရွက်ထဲမှာ ကူမာရင်း (Coumarin) အီသိုင်း(လ်)ကာဘာမိတ် (Ethyl Carbamate) N- နိုက်ထရို့(စ်)အေမင်း (N- Nitrosamine) နိုက်ထရို့စိုအေမီနို အက်စစ် (Nitrosoamino Acids) ဆေးရွက်ထဲသီးသန့်ပါသော နိုက်ထရို့(စ်)အေမင်း (Tobacco-Specific Notrosomine) နိုက်ထရိတ် (Nitrate) နိုက်ထရိုတ် (Nitrite) စတာတွေ ပါရှိတယ်လို့ ဆိုပါတယ်။ ဒီဓာတုပစ္စည်းတွေဟာ ကွမ်းယာထဲမှာရှိပြီး အခြားဓာတုပစ္စည်းများနဲ့ ဓာတ်ပြုမှုဖြစ်ပြီး နှစ်မှ နှစ်အတွင်း ခံတွင်း၊ အစာမြိုပြွန် အသံအိုးစတာတွေမှာ ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ ဖတ်ရှုသူများနားလည်အောင် အတိုချုံးရေးသားပေး ထားပါတယ်။

ကွမ်းယာဝါးဖတ်ကြောင့်လား

ကွမ်းယာဝါးဖတ်ကို ဆက်တိုက် စိတ်တိုင်းကျဝါးနေကြရင် ကွမ်းပစ္စည်း အမျိုးစုံ နဲ့ ပါးစပ်နှင့် အမြဲထိတွေ့နေတော့မှာပါ။ အထူးသဖြင့် ကွမ်းသီးထဲပါရှိတဲ့ သီးသန့် နိုက်ထရို့(စ်) အေမင်း (Betelnut-specific Nitrosamine)နဲ့ ဆေးရွက်ထဲပါရှိတဲ့ သီးသန့် နိုက်ထရို့(စ်)အေမင်း (Tobacco-specific Nitrosamine) တို့ကြောင့် ကွမ်းယာဖတ်နဲ့ ထိတွေ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အန္တရာယ်ဖြစ်စေပြီး အစိတ်အပိုင်း ပုံသဏ္ဌာန်များ ပြောင်းလဲမှုဖြစ်လာမှာပါ။ ကွမ်းယာဝါးဖတ် အမြဲတမ်း ငုံထားတတ်တဲ့ လူတွေရဲ့ပါးစပ် အတွင်းမှာ တစ်ရှူး အရောင်ပြောင်းလဲလာမယ်။ ကွဲလာမယ်။ ထူလာမယ်၊ သွားပွတ်တံနဲ့ ခြစ်ထုတ်လို့ မရတာမျိုး ဖြစ်တတ်တယ်။ ယားနေတဲ့ ဝေဒနာမျိုး ရှိတတ်တယ်။ သွားဖုံးတွေ ဖူးရောင်လာမယ်။ ထမင်းမစားနိုင်၊ ပါးစပ်မဟနိုင်၊ မေးခိုင်တာမျိုး ဖြစ်လာပါမယ်။ ကွမ်းယာစားလွန်းလို့ဖြစ်လာတဲ့ ကွမ်းဖတ်ကြောင့် နောက်ဆုံးအဆင့်မှာ ကင်ဆာရောဂါအဖြစ်များကြောင်း ရှင်းပြထား ပါတယ်။

ကွမ်းဝါးခံစားရောဂါများ

ဒီလိုရောဂါဝေဒနာရှင်တွေဟာ ဘင်္ဂလားဒေ့ရှ်(ချ်) ဘူတန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ တရုတ်၊ နီပေါ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ တွေ့ရှိရတယ်။ အမျိုးသမီးတွေမှာ အမျိုးသားများထက် သုံးဆလောက်ရှိပြီး၊ အသက် ၄၅ နှစ်မှ ၅၅ နှစ် အတွင်းမှာ ဖြစ်တတ်တာများပါတယ်။

နောက်ဖြစ်တတ်တဲ့ လက္ခဏာတွေမှာ အာခံတွင်းတစ်သျှူးများ အရေပြား ပေါ်မှာ အနီရောင်၊ ခရမ်းရောင်အကွက်များ စသဖြင့်ပေါ်လာမယ်။ ကွမ်းယာစားမှု လျှော့လျှင် ဤရောဂါမျိုးဟာ တဖြည်းဖြည်း လျှော့ပါးလာမည်လို့ ဆိုထားပါတယ်။ ကွမ်းယာစားနေတာနဲ့ တစ်ပြိုင်နက် စီးကရက်၊ ဆေးလိပ်သောက်ပြီး အရက်ပါ သောက်နေရင် လည်ချောင်း၊ အာခေါင် (Pharynx) နဲ့ အစာပြွန် (Aerophagus) တွေမှာ ကျိချွဲမြှေးကဲ့သို့ အောက်ခံမျက်နှာပြင်ဆဲ(လ်)မှာ ဖြစ်တဲ့ နို့သီးဖုဗိုင်းရပ် (Human papilloma virus) နှင့် တစ်ခါတစ်ရံ ကင်ဆာ ဖြစ်လေ့ရှိတဲ့ ကျိချွဲမြှေးနှင့် တူသောရောဂါ (Leukoplakia) တို့ ဖြစ်တာကို သုတေသနအရ တွေ့ရှိရတယ်။ ကွမ်းယာစားလို့ရတဲ့ ကွမ်းဝါးဖတ်ကြောင့် နောက်ဆုံးအဆင့်မှာ ကင်ဆာဖြစ်တာ များ ပါတယ်။ ကင်ဆာမဖြစ်ခင် အာခံတွင်းယားယံတာ၊ အရေပြားပေါ်မှာ အရောင်ပြောင်း လာတာ၊ အကွက်တွေ ပေါ်လာတာ အရေပြားထူလာတာတွေဟာ မဖြစ်မနေ စဖြစ် တတ်ပါတယ်။

တဖြည်းဖြည်းအာခံတွင်း၊ လည်ချောင်းတို့မှာ ကင်ဆာဖြစ်နိုင်တဲ့နာတာရှည် ရောဂါ ဖြစ်လာမယ်။ တစ်သျှူးများ ရည်ကြည်အိတ်၊ ရည်ကြည်ဖု၊ လောင်ဖူးငယ် (Vesicals)တွေ ရှေ့ပြေးပေါ်လာမယ်၊ ရောင်လာမယ်၊ အရေပြားပါးတဲ့ တစ်သျှူးဆဲလ် တွေ အခြေအနေ ပြောင်းလဲလာမယ်။ အာခံတွင်း အမြှေးပါးများ ပါးလာပြီး ထမင်း မစားနိုင် ပါးစပ်မဟနိုင်ဖြစ်ပြီး မေးခိုင်လာနိုင်တယ်။ နိုက်ထရို့(စ်)အေမင်း အမျိုးမျိုးမှ တစ်ဆင့် ကင်ဆာ ရောဂါဖြစ်တယ်လို့ ဆေးပညာအရ သတ်မှတ်ကြတယ်။

ကင်ဆာရောဂါမှာ နိုက်ထရို(စ်)အေမင်းတွေရဲ့ ဆက်တိုက် ဓာတ်ပြောင်းလဲ မှုကြောင့် အာခံတွင်း၊ အူလမ်းကြောင်း၊ အစာအိမ် စတာတွေမှာ အနာရောဂါဖြစ် တာတို့၊ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းမှာ မမျှော်လင့်ဘဲ အသားပို သစ်တို့ဖြစ်ပေါ်ပြီး ဆက်တိုက် ထိန်းချုပ်မနိုင်လောက်အောင် ဆဲလ်များကြီးထွား တာမျိုး၊ တိုးပွားလာ တာမျိုး စတာတွေ ဖြစ်တာတွေ့ရပါလိမ့်မယ်။ အမြန်ပြန့်ပွားနိုင်တယ်၊ ကင်ဆာရောဂါ ဟာ ဆိုးရွားပြီး အသက်အန္တရာယ်ရှိတယ် ဆိုတာကို သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။

နယူးဂီနိနိုင်ငံ ဆေးပညာရှင်တွေရဲ့ သုတေသနတွေ့ရှိချက်တစ်ခုမှာ ကွမ်းသီးနဲ့ထုံး ပေါင်းပြီး ဝါးစားတဲ့အခါ ကွမ်းဝါးဖတ်ရဲ့ pH ၁၀ ထိ တက်လာတယ်။ အစွမ်းထက် အောက်ဆီဂျင် (Reactive oxygen) ဟာ ကွမ်းဝါးဖတ် ကနေ ထွက်ရှိပြီး ပါးစပ်ထဲရှိ အသားနုနှင့်ထိတွေ့ပြီး ရောင်စေတယ်။ တိုက်စားတယ်။ ထုံးတစ်မျိုးတည်း ကပင် အသားတစ်သျှူးတွေကို စားသွားတယ်။ ဖုရောင်တာတွေ၊ အသားပိုတွေဖြစ်လာ ရင် ကင်ဆာရောဂါဖြစ်မယ့် အခြေခံပျက်စီးမှု ဖြစ်စဉ်တွေပဲလို့ ကောက်ချက်ချ ထားတယ်။ ကင်ဆာရောဂါဖြစ်ခြင်းဟာ ပါးစောင်းတွေမှာ ဖြစ်တာပိုများတာ တွေ့ရတယ်။ ပြီးရင် ကွမ်းစားဆေးပါ ထည့်စားရင် အစာမျိုပြွန် (Espophageal)နဲ့ လည်ချောင်း (Pharhnx) တွေမှာ အလားတူကင်ဆာဖြစ်စေတဲ့ အသားပိုများ ဖြစ်လာ တာကိုလည်း တွေ့ရတယ်။  

          အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနဌာန (International Agency Research in Cancer) ရဲ့ တွေ့ရှိချက်မှာ ကွမ်းစားဆေးထဲပါရှိတဲ့ နီကိုတင်း (Nicotine) ကိုတီနင်း (Cotinine) တို့ဟာ ကျန်းမာရေးကို ထိခိုက်စေတယ်။  ကွမ်းစားဆေးရဲ့ ရနံ့တွေထဲမှာ အယ်(လ်)ကလွိုဒ်တစ်မျိုးဖြစ်တဲ့ အိုင်ဆိုပရီနွိုဒ် (Isoprenoid) ဟာလည်း ကျန်းမာရေးကို ထိခိုက်ပြန်တယ်။ ပြဒါး၊ ကက်မီယမ်၊ ကျူမာရင် (Coumarin) အီသိုင်းလ် ကာဘာမိတ် (Ethyl carbamate) အပြင် ကွမ်းစားဆေးမှာသာ သပ်သပ်ပါရှိတဲ့ နိုက်ထရို့(စ်) အေမင်း (Tobaccospecific N-nitrosamine) တို့ဟာလည်း အန္တရာယ်ပြုနိုင်ပါတယ်။ သီးခြားပါရှိတဲ့ နိုက်ထရို့(စ်) အေမင်းဟာ ကွမ်းစားဆေးမှာပါရှိတဲ့ အယ်(လ်)ကလွိုဒ်နဲ့ နိုက်ထရိတ်၊ နိုက်ထရိုတ် တို့နဲ့ ဓာတ်ပြုဖြစ်လာတာကြောင့် ကွမ်းစားဆေးမှာပါရှိတဲ့ နိုက်ထရိတ် (Nitrate) နိုက်ထရိုတ် (Nitrite)တွေဟာ ဆေးရွက်ကြီး စိုက်ပျိုးရာဒေသ၏ မြေဆီပြုပြင်မှုအပေါ် မူတည်နေတယ်လို့ ဆိုထားပါတယ်။      ။