သထုံ ၁၄   မေ    


မွန်ပြည်နယ် သထုံမြို့ သိမ်ကုန်းရပ်ကွက် အောင်ဇေယျလမ်းတွင် မေလ ၁၃ ရက်၊ ည ၁၁ နာရီအချိန်ခန့်က ကွမ်းယာတွင် ထည့်စားသည့် ဆေးမွှေးများ တင်ဆောင်ထားသော မော်တော်ယာဉ် ၂ စီးအား သထုံမြို့မရဲစခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


"ကားနှစ်စီး အပြည့်ပဲ။ ခန့်မှန်းချေ ပြောရရင် ကားတစ်စီးမှာ ဆေးဘူးတွေထည့်ထားတဲ့ မြွေရေခွံအိတ် အလုံး ၂၀ဝ ဝန်းကျင်လောက်ပါနိုင်တယ်။ ဘူးအသေးလေးတွေ ဆိုရင်တော့ အများကြီးပဲ ဖြစ်မှာပါ'' ဟု သထုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ကွမ်းစားဆေးမွှေးများ တင်ဆောင်ထားသော မော်တော်ယာဉ် ၂ စီးရောက်ရှိနေကြောင်း သတင်းအရ မော်လမြိုင်အကောက်ခွန်ဦးစီးဌာန၊ သထုံခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မြို့မရဲစခန်းတို့မှ တာဝန်ရှိသူများသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ မင်းထွန်း ၃၀ နှစ် ဘူတာလမ်း၊ အောက်ကျင်း ရပ်ကွက်၊ သထုံမြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် 6A/---- UD အဖြူရောင် ၆ ဘီး ယာဉ်နှင့် ကျော်စွာ ၃၅ နှစ် ဘူတာလမ်းအောက်ကျင်းရပ်ကွက်၊ သထုံမြို့နေသူ မောင်းနှင်သည့် ယာဉ်အမှတ် 6J/----- Condor အမျိုးအစား အဖြူရောင် ၆ ဘီးယာဉ်တို့အပေါ်တွင် ကွမ်းယာတွင် ထည့်စားသည့် ဆေးမွှေးများအား တင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးကာ မော်လမြိုင် အကောက်ခွန်ဦးစီးဌာနရုံးသို့ ဆက်လက်စစ်ဆေးရန် သယ်ဆောင်သွားကြောင်း သိရသည်။


အဆိုပါ ဖမ်းဆီးရမိ ယာဉ် ၂ စီးအား မော်လမြိုင်မြို့ရှိ အကောက်ခွန်ဦးစီးဌာနရုံးတွင် အဖွဲ့စုံဖြင့် ဖွင့်ဖောက်စစ်ဆေးသွားမည်ဖြစ်ကာ အကောက်ခွန်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


သက်ဦး(သထုံ)