ကန့်ဘလူ နိုဝင်ဘာ ၁၁
ရာသီဥတုပြောင်းလဲလာမှုကြောင့် ယာသီးနှံစိုက်တောင်သူများ သီးနှံပျက်စီးခြင်း၊ ဝင်ငွေနည်းပါးခြင်း၊ ရာသီဉတုပူပြင်းလာမှုများ နှစ်စဉ်ဆက်တိုက်ခံစားလာရမှုအပေါ် ကုစားရန်အတွက် သီးနှံပြောင်း၍ စိုက်ပျိုးလာ စေရန်၊ သရက်သီးနှံအားရွေးချယ်စိုက်ပျိုးလာကြစေရန် ပညာပေးဆောင်ရွက် မှုကြောင့် ကန့်ဘလူခရိုင်အတွင်း သရက်စိုက်ပျိုးဧက ၃၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ကန့်ဘလူ ဥယျာဉ်ခြံ (သရက် ဧက ၁၀၀) တာဝန် ခံ ဦးသန်းထွန်းဦးထံမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဥယျာဉ်ခြံ၊ ဟင်းသီးဟင်း ရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ လက်အောက်ရှိ ကန့်ဘလူဥယျာဉ်ခြံ (သရက် ဧက ၁၀၀) ဌာနကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်က စတင်၍ ကန့်ဘလူမြို့ အမှတ်(၅) ကန့်ဘလူ-နတ်ပေး ကားလမ်းမ အနောက်ဘက်၌ ဖွင့်လှစ်ခဲ့သည်။
ကန့်ဘလူဥယျာဉ်ခြံကို ဒေသတွင်းတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုအကျိုးပြုဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက် သုံးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရည်ရွယ်ချက်များမှာ နှစ်ရှည်ပျိုးပင် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးရေး၊ သရက်သီးအရည် အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော နည်းစနစ်များအား သရက်စိုက်တောင်သူများထံပို့ချပေးရေး နှင့် နှစ်ရှည်သုတေသနလုပ်ငန်းများ ဆောင်ရွက်၍ တောင်သူများအား အကျိုးပြုရေးတို့ဖြစ်သည်။
ခြံ၏ရည်ရွယ်ချက် (၃)ရပ်အပေါ် မူတည်၍ သရက်မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်၍ ပြောင်းလဲ လာသည့် ရာသီဥတုနှင့်အညီ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသတွင်းတောင်သူများ ဝင်ငွေလည်း ရရှိစေရန် ဖြန့်ဖြူးပေးလျက်ရှိသည်။ အရည်အသွေးကောင်း သရက်စိုက်ပျိုးထုတ်လုပ်သည့် နည်းစနစ် များဖြစ်သော ကိုင်းကူးပျိုးပင်စိုက်ပျိုးခြင်း၊ အပင်ငယ်များအား နည်းစနစ်တကျပုံသွင်းပြုပြင်ပေးခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား အပင်သက်တမ်းအလိုက် စနစ်တကျကျွေးမွေးခြင်း၊ ပိုးမွှားရောဂါများ ကာကွယ်ခြင်း၊ ရေစနစ်တကျပေးသွင်းခြင်း၊ သရက်သီးများ အိတ်စွတ်ပေးခြင်း၊ အသီး ခူးပြီးချိန်တွင် အသီးများကိုရေဆေးခြင်း၊ အအေးခံခြင်း၊ စနစ်တကျထုပ်ပိုး၍ စျေးကွက်သို့ပို့ဆောင်ခြင်း၊ အသီးခူးပြီးအပင်များအား ကိုင်းဖြတ်ပြု ပြင်ပေးခြင်း စသည့်နည်းစနစ်များကို သရက်စိုက်တောင်သူ များ ထံရောက်ရှိအောင် နည်းပညာပေးသရုပ်ပြပွဲများ၊ မီဒီယာများမှတစ်ဆင့် ပညာပေးဟောပြော ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးမှုကြောင့် ကန့်ဘလူခရိုင်အတွင်း သရက်စိုက်ပျိုးဧက ၃၀၀၀ ကျော်အထိရှိ လာပြီဖြစ်ကာ ပတ်ဝန်းကျင်ကို စိမ်းစိုစေပြီး သရက်ပင်များကြား နှမ်း၊ မြေပဲ၊ ပဲစင်းငုံ စသည့် သီးနှံများ စိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေတိုးတက်ရရှိစေခြင်း၊ အပူချိန်ကိုလျော့ကျစေခြင်း၊ သရက်သီးများ ပေါ်လာချိန်တွင် မူဆယ်စျေးကွက်၊ စင်ကာပူစျေးကွက်၊ တရုတ်စျေးကွက်များသို့ ပို့ဆောင်ရောင်းချကာ ဝင်ငွေတိုးလာစေသဖြင့် ပိုမိုစိတ်ဝင်စား စိုက်ပျိုးလာကြကြောင်း သိရသည်။
ထို့ပြင် သရက်ပျိုးပင်များအား တောင်တန်းဒေသ၊ အထူးသဖြင့် နာဂဒေသအထိ ဖြန့်ဖြူးပေးနိုင်သဖြင့် ယင်းဒေသများ ပိုမိုဖွံ့ဖြိုးလာစေမည်ဖြစ်သည်။ ကန့်ဘလူခရိုင်တွင် သရက် GAP(Good Agricultural Practices) စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုးလာသည့် GAP အသိအမှတ်ပြုလက်မှတ်ရ သရက်ခြံ(၂၇) ခြံ (ဧက ၁၃၀၀)ကျော်ရှိလာပြီဖြစ်သည်။ GAP စနစ်ဖြင့် စိုက်ပျိုးရေးခြံ ၃၅ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်ကြောင်းနှင့် ကန့်ဘလူဥယျာဉ်ခြံအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာန၏ ရည်မှန်းချက်၊ ခြံ၏ ရည်ရွယ်ချက် သုံးရပ်အတိုင်း အောင်မြင်စေရန် ဌာနဆိုင်ရာ အကြီးအကဲ များ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်ပြီး စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူဥယျာဉ်ခြံ တာဝန်ခံ ဦးစီးအရာရှိ ဦးသန်းထွန်းဦးက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


