ကန့်ဘလူ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်း ရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

 

ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ ချောင်း ပိတ်၊ မြောင်းပိတ်၊ မိုးကောင်းသောက်၊ လျှပ်စစ် ရေတင်နှင့် မြေအောက်ရေတင်စနစ်များဖြင့် ခရိုင် အတွင်းရှိ မြို့နယ်များ၌ မိုးရာသီသီးနှံစုံ ၆၁၄၅၀၅ ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် မိုးရာသီသီးနှံစုံ အမျိုးအစား အလိုက် လျာထားဧကများမှာ မိုးစပါး ၁၇၆၆၅၅ဧက၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ၊ ထောပတ်ပဲနှင့် အခြားပဲ စုစုပေါင်း ဧက ၂၂၆၃၁၀၊ ဆီထု ဆီထွက်သီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်းနှင့်နေကြာ စုစုပေါင်း ၅၉၅၀၂ ဧက၊ ကြံသီးနှံ၁၁၀၆ ဧက၊ ဝါသီးနှံဧက ၃၂၀၊ စားဖိုဆောင်သီးနှံ ၁၅ ဧက၊ အခြားသီးနှံ ၁၁၂၃၇၉ ဧက၊ နှစ်ရှည်ပင် ၃၇၀၁၃ ဧကနှင့်ပရဆေးပင်များ ၁၂၀၅ ဧက ဖြစ်ကြောင်း သိရသည်။

 

ကန့်ဘလူခရိုင်၌ ယခုနှစ် မိုးရာသီ မိုးသီးနှံစုံ စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် ဖြစ်ထွန်းရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက တာဝန် ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေ၊ မျိုး၊ ပိုးနှင့် စိုက်ပျိုးရေးနည်းပညာများကို ခရိုင်နှင့် စိုက်ပျိုးရေးဦးစီး ဌာနရုံးများသို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

 

ယခုနှစ် မိုးသီးနှံများစိုက်ပျိုးရာတွင် မိုးစပါးသီးနှံ များကို ဇွန်လလယ်တွင် လယ်ထွန်ခြင်း၊ ပျိုးထောင် ခြင်းများဆောင်ရွက်၍ ဇွန်လကုန်ပိုင်းတွင် စတင် စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံများနှင့်အခြား သီးနှံများကို မေလဆန်းက စတင်စိုက်ပျိုးခဲ့ရာ ပဲမျိုးစုံ ၁၁၆၀၆ ဧက၊ ဆီထွက်သီးနှံစုံ ၂၈၀၆ ဧက၊ ကြံသီးနှံ ၃၂၃ ဧက၊ အခြားသီးနှံ ၃၀၂၉ ဧက စိုက်ပျိုးပြီးစီးပြီး ယမန်နှစ်က မိုးရာသီသီးနှံစုံ ၆၃၅၆၃၄ ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)