ကန့်ဘလူ ၁၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်၏ အကြိမ် (၂၀) မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိ ၇ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
ဘုရားပွဲတော်ရက်များအတွင်း မဟာရွှေစည်ကြီး စေတီတော်မြတ်ကြီးနှင့် ပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများကို ရောင်စုံမီးများ ထွန်းညှိပူဇော်မည်ဖြစ်ကာ ဖေဖော်ဝါရီ ၂ ရက်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်းနှင့် ငါးရက်တိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဖေဖော်ဝါရီ ၆ ရက်တွင် ပဋ္ဌာန်းအောင်ပွဲကျင်းပခြင်း၊ ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်အထိတွင် သာသနာ့ဗိမာန်တော်၌ မြို့ပေါ်ရပ်ကွက် ငါးခုမှ ဝတ်ရွတ်အသင်းများ၊ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)တို့မှ ဝတ်ရွတ်အသင်းများက ဓမ္မာစကြာနှင့် ပရိတ်ကြီးရွတ်ဖတ်ပူဇော်ခြင်း၊ မဟာရွှေစည်ကြီး စေတီတော် ပရဝဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း ၉၀ဝဝ၊ သစ်သီး ၉၀ဝဝ ဆက်ကပ်ပူဇော်ခြင်း၊ ဖေဖော်ဝါရီ ၈ ရက်တွင် စေတီတော်ရင်ပြင်၌ ဆီမီး ၉၀ဝဝ ထွန်းညှိပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စသည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
အဆိုပါ ဘုရားပွဲတော်အတွင်း ထမနဲထိုးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံး၊ ကြက်တောင်၊ ထုပ်ဆီးတိုး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲများ ကျင်းပပြီး ဖေဖော်ဝါရီ ၂ ရက်မှ ၅ ရက်အတွင်း ဆင်အကဖြင့် ဖျော်ဖြေခြင်း၊ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်တွင် မန္တလေး မျိုးဆက်သစ်ရဲခိုင် အဆင့်မြင့်ဇာတ်အဖွဲ့က ကပြဖျော်ဖြေခြင်းတို့လည်း ပါဝင်မည်ဖြစ်သည်။
ထို့အပြင် ပွဲတော်ကာလအတွင်း လာရောက်ကြသော မြို့နယ်အသီးသီးမှ ပြည်သူများအား အထူးကုဆရာဝန်ကြီးများက မျက်စိရောဂါများ (အခမဲ့) စမ်းသပ်ခွဲစိတ် ကုသပေးခြင်းကိုလည်း ကန့်ဘလူ ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဘုရားပွဲတော် ရက်မတိုင်မီမှ စတင်ဆောင်ရွက်ပေးမည်ဖြစ်ကာ ပွဲတော်ပြီးစီးပြီး နောက်ရက်များအထိ အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးမည်ဟု သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)