ကန့်ဘလူ ၁၁  စက်တင်ဘာ 

ဒေသတွင်း လယ်ယာသုံးစက်ကိရိယာများ ပြုပြင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် JICA ODA Loan ရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၀) စက်မှုလယ်ယာစခန်း၌ အလျား မီတာ ၃၀၊ အနံ ၁၆ မီတာ၊ အမြင့် ၈ ဒသမ ၂၅ မီတာရှိ အာစီတစ်ထပ်စက်ပြင်ရုံ တည်ဆောက်ခြင်းကို Tech United Power ကုမ္ပဏီမှ တာဝန်ယူ၍ မတ်လကစတင်တည်ဆောက်ခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။


"ဒေသခံတောင်သူလယ်သမားများရဲ့ လယ်ယာသုံးစက်ကိရိယာတွေရဲ့ အစိတ်အပိုင်း အားလုံးကို ပြုပြင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြုပြင်ရာမှာလည်း မလိုအပ်ဘဲ အချိန်ကြာမြင့်မှုတွေကို လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီစက်ပြင်ရုံ တည်ဆောက်ခြင်းကြောင့် ဒေသတွင်းမှာရှိတဲ့ တောင်သူများစွာကို အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်ပါတယ်" ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။ 


စက်ကိရိယာ ပြုပြင်ထိန်းသိမ်းမှုများကို လုပ်ဆောင်ပေးသည့်အပြင် စက်ကိရိယာဝယ်ယူလိုသူများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း၊ ကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဝယ်ယူပေးခြင်းတို့ကို ပြုလုပ်ပေးကာ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်ရှိ ဒေသခံအများစုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် စီးပွားရေးကို အဓိကထား လုပ်ကိုင်ကြသူများဖြစ်ကြသည်။


လယ်ယာမြေများကို အဆင့်မြင့်လယ်ယာအဖြစ် ဖော်ထုတ်ကာ တောင်သူများအတွက် စိုက်ပျိုးဝင်ငွေတိုးတက်ရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စက်ပြင်ရုံများကို ကန့်ဘလူ၊ ရွှေဘို၊ ဝက်လက်၊ ရေဦးနှင့် ဘုတလင်မြို့နယ်များတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။


ကန့်ဘလူမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်သော လယ်ယာမြေဧက လေးသိန်းကျော် ငါးသိန်းနီးပါးရှိပြီး တောင်သူလယ်သမားများနှင့် စိုက်ပျိုးမွေးမြူသူများက အဆင့်မြင့် လယ်ယာအဖြစ် ဧက ၁၀ဝ ပြည့် တစ်ကွင်းတစ်စပ်တည်း စိုက်ကွင်းစိုက်ကွက်များဖော်ထုတ်ကာ စိုက်စက်များ၊ ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ အသုံးပြု၍ ခေတ်မီလယ်ယာကုန်ထုတ်စနစ်သို့ ကူးပြောင်းလျက်ရှိရာ စက်ပြင်ရုံများသည် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)